Saturday, October 31, 2015

မင်းပြားမြို့တွင် အခမဲ့ တေးဂီတဖျော်ဖြေပွဲနှင့် ဒေါက်တာအေးချမ်း၏ ဟောပြောပွဲ ပြုလုပ်မည်

မင်းပြား (နိုဝင်ဘာ ၁၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ရေဘေးသင့်ပြည်သူများ စိတ်ရွှင်လန်း အပန်းဖြေစေရန် ရည်ရွယ်ပြီး (အခမဲ့) တေးဂီတဖျော်ဖြေပွဲနှင့် ဒေါက်တာအေးချမ်း (သမိုင်းသုတေသီ) ဟောပြောပွဲကို (၄-၁၁-၂၀၁၅) ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိပါသည်။

တေးဂီတဖျော်ဖြေပွဲကို ၎င်းနေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်း (သမိုင်းသုတေသီ) ဟောပြောပွဲကို နေ့လည်ပိုင်းတွင် လည်းကောင်း၊ ပြုလုပ်ကျင်းပရန် စီစဉ်ထားကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရန်အတွက် ဦးဆောင်စီစဉ်နေသူ ကိုကျော်ရှိန်က ပြောသည်။

" တေးဂီတဖျော်ဖြေပွဲကို မနက်ပိုင်းလုပ်မယ်၊ သမိုင်းသုတေသီ ဒေါက်တာအေးချမ်း ဟောပြောပွဲကို နေ့လည်ပိုင်း လုပ်မယ် ဆိုပြီးတော့ စီစဉ်ထားပါတယ်။ နေရာက မင်းပြားမြို့၊ ရာမောင်ခန်းမနောက်က ဂန္ဓဝေပန်းခြံထဲမှာ လုပ်မှာပါ။ ဒါပေမယ့် အခု မိုးလေဝသအခြေအနေအရ အဲဒီနေ့မှာ မိုးရွာခဲ့လို့ရှိရင် ရာမောင်ခန်းမထဲမှာလုပ်ဖို့ စီစဉ်ထားပါတယ်။ ဝင်ကြေးပေးစရာမလိုပါဘူး။ မင်းပြားမြို့သူ/သားတွေ စိတ်လွတ်လပ်စွာ အပန်းဖြေ ပျော်ရွှင်စေဖို့ ကျနော်တို့ မင်းပြားမြို့သား စေတနာရှင်များက ကမကထ ဆောင်ရွက်ပေးကြတာပါ။ " ဟု ကိုကျော်ရှိန်က ဆိုပါသည်။

၎င်းနေ့ နံနက်ပိုင်းတွင် Wall Of West (WOW) Music Band နှင့်အတူ နာမည်ကြီး ဂီတအနုပညာရှင်များ ဖြစ်ကြသော နိုင်းနိုင်း၊ ညီမင်းခိုင်​၊ မြတ်ခိုင်ကျော်၊ စစ်နိုင် ၊ ရဲလင်းအောင်၊ Lကိုလင်း၊ ထွဋ်ထွဋ် ၊ ခိုင်မင်းဟိန်း၊ ထွန်းထွန်း၊ မောင်ကိုကို ၊ ခိုင်ပြည်ကျော်၊ ခိုင်ဖိုးထူး၊ မိုင်၊ ရတနာမိုင် ၊ မိုးယုစံ၊ ရီလှိုင်းပြာ၊ စောနှင်းနွယ်၊ဒိုးကလေး၊ ပန်းအိနွယ် စသည့် ဂီတအနုပညာရှင် (၂၀) ခန့်က ​တေးသီချင်းများစွာ သီဆိုဖျော်ဖြေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် ဒေါက်တာအေးချမ်း (သမိုင်းသုတေသီ) က "ရခိုင်သမိုင်းက ပေးအပ်သောတာဝန်" ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဟု သိရပါသည်။

" မင်းပြားမှာ အခုလိုမျိုး တေးဂီတဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားတာ ကြာနေပါပြီ။ သီတင်းကျွတ်မှာ လုပ်မလို့ Band က မအားသေးတာနဲ့ ဒီ နိုဝင်ဘာလ (၄)ရက်နေ့မှ လုပ်ဖို့ ဖြစ်သွားတာပါ။ Wall Of West (WOW) Music Band နဲ့ ဂီတအနုပညာရှင် တော်တော်များများက စေတနာ၊ မေတ္တာနဲ့ လာရောက် သီဆိုဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။ ဒီပွဲဖြစ်မြောက်ဖို့အတွက် ကျနော်တို့ Company နဲ့ ကျနော့မိတ်ဆွေ Company တွေက ပံ့ပိုးပေးကြမှာပါ။ မင်းပြားမြို့က လူငယ်တွေကိုလည်း ဝိုင်းဝန်းကူညီပေးဖို့ အကူအညီတောင်းထားပါတယ်။ " ဟု ကိုကျော်ရှိန်က ပြောသည်။

မင်းပြား - သတင်း
  1 - 11 - 2015
Photo credit: Praw Pra May

Monday, October 26, 2015

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် MPT အင်တာနက် ဆက်သွယ်ရေး အသုံးပြု၍မရနိုင်လောက်အောင် ဆိုးရွားနေ

မင်းပြား (အောက်တိုဘာ ၂၆၊ ၂၀၁၅)

ရခိုင်ပြည်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လွန်ခဲ့သော စက်တင်ဘာလ ကတည်းက MPT အင်တာနက် ဆက်သွယ်ရေး အသုံးပြု၍မရနိုင်လောက်အောင် လွန်စွာဆိုးရွားလျှက်ရှိရာ MPT တစ်ခုတည်းကို အားကိုးနေကြရသော မင်းပြားမြို့နယ်ရှိ ပြည်သူများက MPT အား လွန်စွာစိတ်ပျက်နေကြသည်ဟု သိရပါသည်။

မင်းပြားမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုက္ကရိုဝေ့စခန်း၌ ယခုလက်ရှိတွင် ကျိန်းတောင်ပေါ်ရှိ GSM တာဝါတိုင်နှင့် သူဌေးကုန်း ကျေးရွာအနီး တာဝါတိုင် (၂)ခုသာရှိပြီး အဆိုပါတာဝါတိုင် (၂)ခုမှ E1(၈)လိုင်းကို အသုံးပြုလျှက်ရှိကာ MPT သုံးစွဲသူမျာပြားလာသည်နှင့်အမျှ အဝေးလိုင်း ကျပ်တည်းခြင်း၊ Out of Service Area မကြာခဏဖြစ်နေခြင်း၊ အင်တာနက်အမြန်နှုန်း အသုံးပြု၍မရနိုင်​​လောက်​​အောင်​ နှေးလွန်းခြင်း စသော ဆက်သွယ်ရေး အခက်အခဲများ ရှိနေခြင်းဖြစ်ကြောင်း မင်းပြား မိုက္ကရိုဝေ့စခန်းမှ တာဝန်ခံ ဦးထွန်းအေးကျော် ပြောကြားချက်​အရ သိရသည်။

" မင်းပြားမြို့နယ်မှာ MPT အတွက် လက်ရှိ ဆက်သွယ်ရေးတာဝါတိုင် (၂)ခု ရှိပါတယ်။ သုံးစွဲသူတွေ များလာတဲ့အတွက် ဆက်သွယ်ရေး ကောင်းမွန်စေဖို့ နောက်ထပ် တာဝါတိုင် (၂)ခုကို မင်းပြားမြို့ပေါ် ပြည်တော်လှရပ်ကွက်နဲ့ သံထောင်ရပ်တွေမာ စိုက်ထူဖို့ဆောင်ရွက်နေပါတယ်။ ဒီလို ဆက်သွယ်ရေးတာဝါတိုင်တွေကို လူနေရပ်ကွက်ထဲ စိုက်ထူတာနဲ့ပတ်သက်ပြီး မိုးကြိုးပစ်ခံရနိုင်တယ်၊ တာဝါတိုင်ပြိုလဲနိုင်တယ်၊ လူတို့ရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ ရပ်ကွက်နေ ပြည်သူတစ်ချို့က ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းချက်အရ အဆင်ပြေသွားရင် မကြာခင်မှာ ဒီတာဝါတိုင် (၂)ခုကို စိုက်ထူပြီး MPT ရဲ့ ဆက်သွယ်ရေးကို လက်ရှိအခြေအနေထက် ပိုပြီး ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ " ဟု မင်းပြား မိုက္ကရိုဝေ့စခန်းမှ တာဝန်ခံ ဦးထွန်းအေးကျော်က ဆိုသည်။

" လက်ရှိအခြေအနေအရ မင်းပြားမြို့နယ်မှာ MPT သုံးစွဲသူတွေ အလွန်များပြားလာတဲ့အတွက် GSM တာဝါတိုင် (၂)ခု၊ E1 လိုင်းတွေနဲ့ အဆင်မပြေနိုင်တော့ဘူး။ ပြောရမယ်ဆိုရင် E1 လိုင်းတွေက ခေတ်မမီတော့ဘူး။ အခုဆိုရင် မြို့တော်တော်များများမှာ E1 လိုင်း​တွေကို အသုံးမပြု​တော့ဘဲ E1 လိုင်းအစား GBE Microwave Radio Links ပေါ်မှာ အသုံးပြုလို့ရနိုင်တဲ့ FE လိုင်းကို သုံး​နေကြပါပြီ။ ဒါ​ကြောင့်​ မင်းပြားမြို့နယ်မှာလည်း E1 လိုင်းအစား FE လိုင်း​တွေ အဆင့်​မြင့်​ တပ်ဆင်သင့်ပါပြီ။  မင်းပြားမြို့နယ်ရဲ့ MPT အင်တာနက် အမြန်နှုန်း နှေးကွေးတဲ့ အခြေအနေတွေနဲ့ အဝေးလိုင်းကျပ် Out of Service Area ဖြစ်နေတဲ့ အခြေအနေတွေကို ပြည်နယ်ဆက်သွယ်ရေးက တာဝန်ရှိ လူကြီးတွေသိနိုင်အောင် တင်ပြပေးထားပါတယ်။ အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောပါတယ်။ " ဟု မင်းပြား မိုက္ကရိုဝေ့စခန်းမှ ဦးထွန်းဝင်းက ဆိုပါသည်။

ရခိုင်ပြည်၊ GBE ဆက်ကြောင်းတာဝန်ခံအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ မင်းပြားမြို့ MPT ဆက်သွယ်ရေး ဆိုးရွားနေမှုကို အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း၊ အဆင့်မြင့်တင် ပြင်ဆင်ပေးနိုင်မည့် အချိန်ကာလအား သိခွင့်ရရန်အတွက် ဆက်လက်မေးမြန်းခဲ့ရာ ဖုန်းလိုင်းပြတ်တောက်သွားသည့်အတွက် မသိရှိနိုင်ခဲ့ပါ။

မင်းပြားမြို့နယ်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ MPT မှ 3G ကွန်ယက်ကို တိုးချဲ့တပ်ဆင် အသုံးပြုလျှက်ရှိကြရာ ယခုအခါ မင်းပြားမြို့နယ်ရှိ ပြည်သူအားလုံး အားထားနေကြရသော MPT ၏ အင်တာနက် အမြန်​နှုန်း နှေးကွေးလာခြင်း၊ အဝေးလိုင်း ကျပ်တည်းခြင်း၊ Out of Service Area မကြာခဏ ဖြစ်နေခြင်းတို့ကို အဆင်ပြေ ကောင်းမွန်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် လိုလားလျှက် ရှိနေကြသည်။

MPT နှင့်အပြိုင် တယ်လီနော ကလည်း မင်းပြားမြို့နယ်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း 2G ကွန်ယက်ကို စတင်အသုံးပြုခွင့် ပေးလျှက်ရှိရာ လက်ရှိတွင် အင်တာနက် ဆက်သွယ်ရေး အလွန်နှေးကွေးနေသည့် MPT ကို အသုံးပြုနေကြသော မင်းပြားမြို့နယ်ရှိုပြည်သူများသည် တယ်လီနော ကို စတင် အသုံးပြုရန် စိတ်အားထက်သန်နေကြကြောင်း သိရသည်။

မင်းပြား - သတင်း
26 - 10 - 2015

Monday, October 5, 2015

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် မင်းပြားမြို့ ပြည်သူလူထုနှင့် တွေ့ဆုံ

မင်းပြား (အောက်တိုဘာ ၅၊ ၂၀၁၅)

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် မင်းပြားမြို့ ပြည်သူလူထု တွေ့ဆုံပွဲ အခမ်းအနားကို (၅-၁၀-၂၀၁၅) ရက် နေ့လည် (၁၂) နာရီ အချိန်ခန့်က  မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံ၌ ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။

ယခု ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီက အပြတ်အသတ် အနိုင်ရရှိရန် ကြိုးပမ်းလျှက်ရှိရာ ရခိုင်ပြည် မြို့နယ်များသို့ လှည့်လည် မဲဆွယ်စည်းရုံးနေသည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား မင်းပြားမြို့သူ/သား နယ်သူ/သားများက တခဲနက် ကြိုဆိုခဲ့ကြပြီး ထိုတွေ့ဆုံပွဲအခမ်းအနားသို့ လူပေါင်း (၃)ထောင်ကျော်ခန့် တက်ရောက် အားပေးခဲ့ကြသည်ဟု မင်းပြားမြို့ ၊ရခိုင်အမျိုးသားပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးသိန်းစံက ဆိုသည်။

အဆိုပါ အခမ်းအနားတွင် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရခိုင်အမျိုးသားပါတီ၏ အန္တိမရည်မှန်းချက် (၃) ရပ်ဖြစ်သော (၁) စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။ (၂) ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စုများ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆိုပါ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး။ (၃) ဒီမိုကရေစီစနစ် ထွန်းကားရေး စသည်တို့ကို ရှင်းပြကာ ၎င်းရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ် (၁၈) ရပ်ကို အကျယ်တဝင့် ရှင်းပြခဲ့သည်ဟု သိရသည်။

မင်းပြား - သတင်း
  5 - 10 - 2015
Photos Credit>> မင်း ဒုံးညို