Saturday, April 23, 2016

AA နှင့် ဆက်နွယ်သည်ဟု မင်းပြားမြို့နယ်မှ ဖမ်းဆီးထောင်ချခံရသူများ၏ ကျန်ရစ်သူ မိသားစုဝင်များအား ကူညီထောက်ပံ့ပွဲပြုလုပ်

မင်းပြား (April 23, 2016)

ရက္ခိုင့်တပ်မတော် (AA)နှင့် အဆက်အသွယ် ရှိသည်ဟုဆိုပြီး မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁/၂) တို့ဖြင့် မင်းပြားမြို့နယ်မှ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံနေရသူများ၏ ကျန်ရစ်သူ မိသားစုဝင်များအား ကူညီထောက်ပံ့ပွဲ အခမ်းအနားကို ယနေ့ (၂၃-၄-၂၀၁၆) နေ့လည်ပိုင်းက မင်းပြားမြို့၊ အောင်မြေကုန်း ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

အဆိုပါ အခမ်းအနားကို မင်းပြားမြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ရဟန်းပျိုများအသင်းမှ သံဃာ​တော်​များ၊ မြို့ပေါ်ရှိ ပရဟိတ လူကြီး/ငယ်များက ဦးဆောင်ကာ စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဖမ်းဆီးခံရသူများ၏ ကျန်ရစ်သူမိသားစုဝင်များအား ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားဖြစ်မြောက်ရေး အကျိုးဆောင်တစ်ဦးဖြစ်သော ဦးသိန်းစံက "ဒီအခမ်းအနား လုပ်ရတဲ့ ရည်ရွယ်ချက်က မတရားအသင်းနှင့် ဆက်နွယ်မှု ပုဒ်မ ၁၇(၁/၂)နဲ့ ကျွန်တော်တို့ မင်းပြားမြို့နယ်က ဖမ်းဆီးထောင်ချခံခဲ့ရတဲ့သူတွေနဲ့ အခုလက်ရှိ ဖမ်းဆီးခံနေရဆဲ သူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက်ရယ်၊ သူတို့ကို လူသားချင်း စာနာထောက်ထားတဲ့ အတွက်ရယ်ပဲ ဖြစ်ပါတယ်။" ဟု ဆိုသည်။

အဆိုပါ အခမ်းအနားတွင် မင်းပြားမြို့နယ်မှ ဖမ်းဆီးထောင်ချခံခဲ့ရပြီးသူနှင့် လက်ရှိဖမ်းဆီးထောင်ချခံနေရဆဲသူ စုစုပေါင်း (၁၀)ဦး၏ မိသားစုဝင်များအား မိသားစုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂)သိန်းနှင့် ဆန်(၁)အိတ်စီ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းပြား - သတင်း
23 . 04 . 2016

No comments:

Post a Comment