Saturday, April 30, 2016

မင်းပြားမြို့နယ်မှ အလှူရှင်များက စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန် သွားရောက်မည်

မင်းပြား (April 30, 2016)

၂၀၁၆ ခုနှစ် ဧပြီလအတွင်းက ရက္ခိုင့်တပ်မတော် (AA)နှင့် မြန်မာ့တပ်မတော်တို့ ရခိုင်ပြည်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် နေရပ်စွန့်ခွါလာနေကြရသည့် စစ်ဘေးရှောင် ပြည်သူများအား မင်းပြားမြို့မှ အလှူရှင်များက အစားအစာရိက္ခာများ ကူညီထောက်ပံ့ပေးရန် (၁-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်မည်ဟု သတင်းရရှိပါသည်။

ရခိုင်ပြည်မြောက်ပိုင်း ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာ ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ကာ စားနပ်ရိက္ခာများ ကူညီထောက်ပံ့သွားမည်ဟု "ဇ"ဖောင်းဒေးရှင်းမှ ကိုကောင်းမြတ်ကျော် ကဆိုသည်။

"အဓိက ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေက စစ်ဘေးရှောင် ပြည်သူတွေအတွက် ကျွန်တော်တို့ မင်းပြားမြို့က အလှူရှင်တွေဆီက ထည့်ဝင်လှူဒါန်းထားတဲ့ ငွေတွေကို ကိုယ်တိုင် သွားပြီး ထောက်ပံ့ပေးဖို့ လုပ်ထားပါတယ်။ မင်းပြား စည်း/ထိန်း သံဃာအဖွဲ့နဲ့ ကျွန်တော်တို့ ဇ-ဖောင်ဒေးရှင်းအဖွဲ့က ဦးဆောင်ပြီး မြို့ပေါ်က ပရဟိတ လူကြီး/ငယ်တွေနဲ့ မြို့ပတ် အလှူခံထားပါတယ်။ မင်းပြားမြို့က အလှူရှင်တွေ ထည့်ဝင်လှူဒါန်းငွေက (၃၄၆၅၀၅၀ိ/-) ကျပ်သုံးဆယ့်လေးသိန်း ခြောက်သောင်းငါးထောင် ငါးဆယ်တိတိ၊ မင်းပြား စည်း/ထိန်း သံဃာအဖွဲ့က (၇)သိန်း၊ ကျွန်တော်တို့ ဇ-ဖောင်ဒေးရှင်းနဲ့ အလှူရှင်တွေ စုပေါင်းပြီး (၇)သိန်း၊ စုစုပေါင်း ကျပ် (၄၈)သိန်းကျော်ကို ကူညီထောက်ပံ့သွားမှာပါ။" ဟု ကိုကောင်းမြတ်ကျော် ကဆိုသည်။

စစ်ဘေးကြောင့် နေရပ်စွန့်ခွါနေကြရသည့် စစ်ဘေးရှောင် ပြည်သူများမှာ ယ​နေ့အထိ (၂၀၀၀) နီးပါးရှိလာပြီး စားနပ်ရိက္ခာနှင့် အဝတ်အစား ဆေးဝါးပစ္စည်း လိုအပ်ချက်များစွာ ရှိနေသဖြင့် ယခုကဲ့သို့ နီးစပ်ရာ မြို့နယ်များမှ ကူညီထောက်ပံ့ပေးနေကြခြင်း ဖြစ်သည်။

မင်းပြား - သတင်း
30 . 04 . 2016

No comments:

Post a Comment