မင်းပြား (နိုဝင်ဘာ ၂၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အင်အားပြ မြို့ကိုလှည့်ပတ်ပြီး လူထုတွေ့ဆုံပွဲတစ်ရပ်ကို (၂-၁၁-၂၀၁၅) ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မင်းပြားမြို့ပေါ်တွင် မော်တော်ကား (၃၁)စီး၊ သုံးဘီးဆိုင်ကယ် (၁၃)စီးဖြင့် အင်အားပြ မြို့ပတ်လှည့်လည်မှုကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည်ဟု သိရသည်။
၎င်းနောက် မင်းပြားမြို့နယ်၊ နရမ်းကျေးရွာ၌ လူထုတွေ့ဆုံပွဲကို နံနက် (၁၁) နာရီခန့်မှ နေ့လည် (၁)နာရီအချိန်ခန့်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုလူထုတွေ့ဆုံပွဲအခမ်းအနားတွင် ရခိုင်ပြည် ဝန်ကြီးချုပ် (ငြိမ်း) ဦးမောင်မောင်အုန်း တက်ရောက် ဟောပြောဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် မင်းပြားမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဒေါက်တာစံရွှေအောင်၊ ဦးဦးဘသိန်း၊ ဦးမောင်မောင်ထွန်း၊ ဦးသခင်ချို တို့ကလည်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကြောင်း မင်းပြားမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မတီဝင် ဦးမောင်သိန်းကျော်က ပြောသည်။
ထိုလူထုတွေ့ဆုံပွဲသို့ လူအင်အား (၆၀၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းပြား - သတင်း
2 - 11 - 2015
No comments:
Post a Comment