မင်းပြား (April 08, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့၌ ယခုနှစ် သင်္ကြန်ပွဲတော်ကို အထူးစည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းပြားမြို့၌ အကြောင်းအမျိုးမျိုးကြောင့် သင်္ကြန်ပွဲတော်မစည်ကားသည်မှာ (၁၀)နှစ်ခန့်ရှိခဲ့ပြီဖြစ်ရာ ယခုနှစ်တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် အခက်အခဲအမျိုးမျိုးကြားထဲက လုပ်ဖြစ်အောင် လုပ်နေကြောင်း ပွဲတော်ဖြစ်မြောက်အောင် ဦးဆောင်စီစဉ်နေသူတစ်ဦးဖြစ်သည့် မင်းပြားမြို့မှ ကိုဦးကျော်ဌေးကပြောသည်။
" ဒီနှစ်နွေရာသီက မင်းပြားမှာ ရေရှားပါးမှာ အမှန်ပါပဲ။ ဒါပေမယ့် သင်္ကြန်ပွဲတော် မစည်ကားတာ (၁၀)နှစ်လောက် ရှိနေခဲ့တာကြောင့် ဒီနှစ်တော့ ရေမရှိရင်လည်း ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဖြစ်အောင်လုပ်မယ်။ အမှန်တကယ်ကို စည်ကားအောင်လုပ်မယ် ဆိုပြီးတော့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ အများကြီးလုပ်ပြီး အကောင်အထည်ဖော်ခဲ့တာပါ။ အဓိက အခက်အခဲတွေက ရေ၊ နောက်ပြီး ငွေကြေး၊ ရေလောင်းမဏ္ဍပ်ဝင်ကြမယ့် မိန်းမပျိုလေးတွေ၊ နောက်ဆုံးတော့ ရေလာလောင်းကြမယ့် ယောက်ျားလေးတွေပေါ့။ ဒါတွေ ပြည့်စုံရင် ဒီနှစ် မင်းပြားသင်္ကြန်ပွဲတော်ဟာ တကယ့်ကိုစည်မှာ သေချာပါတယ်။" ဟု ကိုဦးကျော်ဌေး ကဆိုသည်။
" ဆိုတော့ ပထမဆုံး အခက်အခဲဖြစ်တဲ့ ရေကို စည်ပင်ကော်မတီက တာဝန်ယူထားပါတယ်။ ရေကို မြေသားရေကန်တွေက မယူဘဲ အဝီစိတွင်းရေတွေကို ရေစုပ်စက်/ရေတင်ကားတွေနဲ့ ရေလောင်းမဏ္ဍပ်ထဲအရောက် စည်ပင်ကော်မတီက အခမဲ့ ပို့ပေးဖို့ တာဝန်ယူထားပါတယ်။ အခုဆိုရင် ရေလောင်းမဏ္ဍပ် (၉)ခုမှာ ဝင်ရောက်ပြီး ရေအလောင်းခံချကြမယ့် မဏ္ဍပ်ပျိုဖြူတွေကိုလည်း ရှာဖွေစည်းရုံးလို့ အဆင်ပြေနေပါပြီ။ နောက် ဖျော်ဖြေရေးကဏ္ဍအတွက် ကျွန်တော်တို့ R2 Music Band (ရက္ခရင်သွီး တီးဝိုင်း)က အတီးသမားတွေနဲ့ ဂီတဝါသနာရှင် လူငယ်တွေက အခကြေးငွေမယူဘဲ တေးသီချင်းတွေနဲ့ တီးခတ်သီဆို ဖျော်ဖြေပေးသွားမယ်။ ရပ်ကွက်အသီးသီးက အကအဖွဲ့တွေကလည်း သင်္ကြန်တေးသီချင်းတွေနဲ့ ကပြဖျော်ဖြေသွားပါမယ်။ ဒီဖျော်ဖြေရေးကဏ္ဍအတွက် လိုအပ်တဲ့ ဆောင်းဘောက်စ်တွေ အတွက် အဓိကလိုအပ်တဲ့ ငွေကြေးကိုလည်း ကျွန်တော်တို့ ဌာနဆိုင်ရာတွေနဲ့ စေတနာရှင်တွေဆီက အလှူခံထားတာ ထက်ဝက်နီးပါး ရထားပါပြီ။ နောက်ဆုံးလိုအပ်ချက်က ယောက်ျားလေးတွေ ရေလာလောင်းဖို့တာဝန်ပဲ ကျန်ပါတော့တယ်။ အားလုံးအဆင်ပြေအောင် ရေတစ်ပုံးကို ၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ဒီနှစ် မင်းပြားသင်္ကြန်ပွဲတော်ကို လာရောက်ဆင်နွှဲကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။"ဟု သူက ဆက်ပြောသည်။
" ဒီနှစ် မင်းပြားသင်္ကြန်ပွဲတော်လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်တွေက မစည်ကားတာကြာပြီဖြစ်တဲ့ မင်းပြားသင်္ကြန်ကို ပြန်လည်စည်ကားစေချင်တာရယ်၊ သင်္ကြန်အတွင်း လူငယ်တွေ သောက်စားမူးယစ်ပြီး ကား/ဆိုင်ကယ်တွေစီးပြီး မြို့ပြင်ထွက်လို့ မတော်တဆဖြစ်မှုတွေကို အထိုက်အလျောက် လျော့နည်းစေချင်တာရယ် ၊ သူတို့လေးတွေ မြို့ထဲမှာ ပျော်ပါးနေကြတော့ လူကြီးမိဘတွေလည်း ဘုန်းကြီးကျောင်းသွားပြီး စိတ်ဖြောင့်လက်ဖြောင့်နဲ့ ဥပုသ်သီလ ဆောက်တည်နိုင်စေချင်တာရယ် ဖြစ်ပါတယ်။ မင်းပြားက ယောက်ျားလေး မိန်းကလေးတွေ ကိုယ့်မြို့မှာ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းအားဖြင့် ကျွန်တော်တို့မြို့ရဲ့ သင်္ကြန်ပွဲတော် စည်းလုံးညီညွတ်မှု၊ စည်ကားမှုဖြစ်အောင် အတူပူးပေါင်းဆောင်ရွက်ကြပါမယ်လို့ ပြောလိုပါတယ်။" ဟု စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း ကဆိုသည်။
မင်းပြားမြို့တွင် အစဉ်အလာအားဖြင့် သင်္ကြန်ပွဲတော်ကို နှစ်ဆန်းတစ်ရက်နေ့ကို နောက်ဆုံးရေလောင်းရက်အဖြစ် သတ်မှတ်ပြီး ကျင်းပခဲ့ကြရာ ယခုနှစ်တွင်လည်း အစဉ်အလာအတိုင်းပင် ဧပြီလ (၁၂)ရက် အင်္ဂါနေ့ ညနေ (၇)နာရီအချိန် မြို့နယ်ဓမ္မာရုံ၌ နံ့သာသွေးပြိုင်ပွဲ၊ (၁၃)ရက် ဗုဒ္ဓဟူးနေ့ ညနေ (၄)နာရီအချိန်တွင် ကျိန်းတောင်ဇိဝှါဓာတ်တော်အား ဘုရားရေသပ္ပာယ်ပွဲ၊ (၁၄)ရက် ကြာသပတေးနေ့တွင် မြို့ပေါ်ရှိ ဘုရားများအား ရေသပ္ပါယ်ပွဲနှင့် (၁၅/၁၆/၁၇) သောကြာ၊ စနေ၊ တနင်္ဂနွေ (၃)ရက်တိုင်တိုင် နေ့လည် (၁၂) နာရီမှ ညနေ(၅)နာရီအထိ မင်းပြားမြို့၊ ဦးဥတ္တမပန်းခြံအတွင်း၌ ရပ်ကွက်အသီးသီးမှ ရေလောင်းမဏ္ဍပ် (၉)ခုတွင် မဏ္ဍပ်ပျိုဖြူ (၄၀၀)ကျော်ပါဝင်မည့် ရေလောင်းပွဲနှင့် စင်တင်တေးဂီတဖြေဖျော်ပွဲတို့ကို အထူးစည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းပြား - သတင်း
08 . 04 . 2016
No comments:
Post a Comment