Wednesday, April 27, 2016

ရခိုင်စစ်ဘေးရှောင်ပြည်သူများအတွက် မင်းပြားမြို့ ဓမ္မာရုံ၌ အလှူခံဌာန ဖွင့်လှစ်မည်

မင်းပြား (April 27, 2016)

၂၀၁၆ ခုနှစ် ဧပြီလအတွင်း ရခိုင်ပြည်မြောက်ပိုင်း၌ ဖြစ်ပွားလျှက်ရှိသည့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွါကာ စစ်ဘေးတိန်းရှောင်​ နေကြရသည့် ရခိုင်ပြည်သူ/သားများအတွက် မင်းပြားမြို့ဓမ္မာရုံ၌ အလှူလက်ခံဌာနဖွင့်လှစ်ကာ အစားအစာရိက္ခာ ပစ္စည်းများကို လက်ခံသွားမည်ဟု သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအား အစားအစာရိက္ခာ အဝတ်အထည်များ ကူညီထောက်ပံ့နိုင်ရေးအတွက် စည်းထိန်းနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့၊ ဇ-ဖောင်ဒေးရှင်း၊ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့နှင့် မင်းပြားမြို့မှ ပရဟိတ လူကြီး/ငယ်များ စုပေါင်း၍ မင်းပြားမြို့ပေါ်ရှိ စေတနာရှင်များထံမှ (၂၇-၄-၂၀၁၆) ရက်နေ့က အလှူငွေများကောက်ခံခဲ့ရာ ကျပ် (၂၂)သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

၎င်းအပြင် မင်းပြားမြို့နယ် ဓမ္မာရုံကြီး၌ (၂၈-၄-၂၀၁၆) ရက်နေ့မှ စတင်၍ စစ်ဘေးရှောင် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် အလှူလက်ခံဌာန ဖွင့်လှစ်ကာ အစားအစာရိက္ခာ၊ အဝတ်အထည်များ၊ အလှူငွေများ လက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ဆောင်မှု၌ ဦးဆောင်ပါဝင်သည့် ဦးသိန်းစံ ပြောကြားချက်အရ သိရသည်။

"စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒီနေ့ မင်းပြားမြို့ပေါ်မှာ ကျွန်တော်တို့ အလှူငွေများ ကောက်ခံခဲ့ပါတယ်။ မနက်ဖြန် ၂၈ ရက်နေ့ကစပြီး မြို့နယ်ဓမ္မာရုံမှာ အလှူခံဌာန ဖွင့်လှစ်ပြီး စားနပ်ရိက္ခာပစ္စည်းတွေ လက်ခံသွားပါမယ်။ ဒါကြောင့် မိမိတို့ တတ်နိုင်သလောက် တာရှည်ခံ အစားအစာတွေ၊ အဝတ်အထည်တွေနဲ့ အလှူငွေတွေကို မြို့နယ်ဓမ္မာရုံသို့ လာရောက်လှူဒါန်းပေးကြဖို့ မင်းပြားမြို့သူ/သားတွေကို ပြောချင်ပါတယ်။" ဟု ဇ-ဖောင်ဒေးရှင်းမှ ကိုမြတ်စိုးကျော် ကပြောသည်။

ယခု အစီအစဉ်တွက် ဦးဆောင်လှုပ်ရှားနေကြသည့် မင်းပြား စည်း/ထိန်းနှင့် ရဟန်းတော်များအဖွဲ့၊ ဇ-ဖောင်ဒေးရှင်း နှင့် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ တို့သည် ၎င်းတို့၏ အဖွဲ့ အလှူငွေများကို စစ်ဘေးရှောင်များအတွက် လှူဒါန်းသွားမည်ဖြစ်ပြီး မင်းပြားမြို့မှ ကောက်ခံရရှိထားသည့် အလှူငွေများနှင့် အစားအစာရိက္ခာပစ္စည်းများကိုမူ မင်းပြားမြို့သူ/သားများအလှူအဖြစ် စစ်ဘေးရှောင်ပြည်သူ/သားများအား ထောက်ပံ့လှူဒါန်းသွားမည်ဟု ကိုမြတ်စိုးကျော် ကဆိုသည်။

ရခိုင်စစ်ဘေးရှောင်ပြည်သူ/သားများအား ကူညီထောက်ပံ့ပေးမည့် မင်းပြားမြို့မှ အဆိုပါ လူမှုအဖွဲ့အစည်းများသည် ယခုလ (၃၀) ရက်နေ့တွင် စစ်ဘေးရှောင်ပြည်​သူများအား အစားအစာရိက္ခာများ ကူညီထောက်ပံ့ပေးနိုင်ရန် စစ်ဘေးရှောင်များ ယာယီခိုလှုံရာ ဒေသများသို့ သွားရောက်မည်ဖြစ်သည်။

မင်းပြား - သတင်း
27 . 04 . 2016

No comments:

Post a Comment