Wednesday, April 27, 2016

မင်းပြားမြို့ ဘာခံရေကန်၌ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးမှုကြောင့် ရပ်ကွက်သူ/သားများ ရေအခက်အခဲနှင့် ရင်ဆိုင်နေရ

မင်းပြား (April 27, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဘာခံရေကန်ထဲ၌ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ ထိုရပ်ကွက်နေပြည်သူများမှာ ရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ရေနစ်သေဆုံးသည့် အမျိုးသမီးမှာ အဆိုပါ မြို့သစ်ရပ်ကွက်မှ အသက် (၂၀) အရွယ်ခန့်ရှိသည့် မအေးအေး (ခ) အေးအေးမွှေး ဆိုသူဖြစ်ပြီး ၎င်းသည် လွန်ခဲ့သည့် ၃ ရက်ခန့်က နေအိမ်မှ ပျောက်ဆုံးသွားခဲ့ရာ ယနေ့ (၂၇-၄-၂၀၁၆) နံနက်ပိုင်းအချိန်က ၎င်းအား ထိုရေကန်ထဲအလယ်၌ ပေါလောမျောနေသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး ရေကန်ထဲရေနစ် သေဆုံးခဲ့သည့်အတွက် ထိုရေကန်မှ ရေကို ရပ်ကွက်နေပြည်သူများ သုံးစွဲလိုစိတ်မရှိတော့သည့်အတွက်ကြောင့် သုံးစွဲရန်ရေအခက်အခဲ ရှိနေသဖြင့် ရေဘောက်ဆာကား ၂ စီးဖြင့် ရပ်ကွက်ရေလှောင်ကန်များမှတစ်ဆင့် ရေဖြန့်ဝေပေးနေရသည်ဟု ၎င်းရပ်​ကွက်​မှ ပြည်​သူတစ်​ဦးက ဆိုသည်။

မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်တွင် ရေကို အဓိကအားထားနေရသည့် ရေကန်မှာ အဆိုပါ အမျိုးသမီးရေနစ်ခဲ့သည့် ဘာခံရေကန်ပင်ဖြစ်ပြီး ရေရှိသော်လည်း ရှိသည့်ရေကို ပြည်သူများ သုံးစွဲရန် မလိုလားသည့်အတွက် နွေရာသီ ရေရှားမှုနှင့် မရင်ဆိုင်ရမီအချိန်ကပင် ၎င်းရပ်ကွက်မှ ပြည်သူများ ရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မင်းပြား - သတင်း
27 . 04 . 2016

No comments:

Post a Comment