Wednesday, May 25, 2016

"ငွေပိုင်ထွန်း" ဆောက်လုပ်ရေးကုမ္ပဏီမှ မင်းပြားမြို့ ဂရင်ဂျိုင်ဆည်အနီး၌ ရေကန် ၂ ကန် တူးဖော်လှူဒါန်း

မင်းပြား (May 25, 2016)

မင်းပြားမြို့အခြေစိုက် "ငွေပိုင်ထွန်း" ဆောက်လုပ်ရေးကုမ္ပဏီမှ မင်းပြားမြို့ ဂရင်ဂျိုင်ဆည်အနီး၌ ရေကန် ၂ ကန်ကို ယနေ့ (၂၅-၅-၂၀၁၆) နံနက်ပိုင်းမှစတင်​၍ တူးဖော်လှူဒါန်းကြောင်း သတင်းရှိသည်။

ထိုရေကန်အသစ် ၂ ကန် အတိုင်းအတာမှာ (၂၂၀'x၂၀၀') နှင့် (၂၀၀'x၁၈၀') ဖြစ်ပြီး ရေကန်အနက်မှာမူ မြေပျော့မှု/မာမှု အခြေအနေကိုကြည့်၍ တူးဖော်သွားမည်ဖြစ်ကြောင်း "ငွေပိုင်ထွန်း" ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးမင်း၏ ပြောကြားချက်အရ သိရသည်။

၂၀၁၆ ခု မေလ ၁၉ ရက်နေ့က ရခိုင်ပြည် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ၏လမ်းညွှန်ချက်အရ မင်းပြားမြို့၏ သောက်သုံးရေအခက်အခဲကို ဖြေရှင်းနိုင်ရန် အရံရေကန်အဖြစ် အသုံးပြုနိုင်မည့် အဆိုပါ ရေကန် ၂ ကန်ကို မင်းပြားမြို့ ဂရင်ဂျိုင်အနီး၌ "ငွေပိုင်ထွန်း" ဆောက်လုပ်ရေးကုမ္ပဏီက တူးဖော်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ရေကန် ၂ ကန်အတွက် ကုန်ကျမှုတန်ဖိုးမှာ ကျပ်သိန်း (၁၀၀)ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ရက်သတ္တ (၂)ပတ်ခန့်အတွင်း အပြီး တူးဖော်သွားမည်ဟု ဦးစိုးမင်းကပြောသည်။

မင်းပြား - သတင်း
25 . 05 . 2016
Photo : Ko Soe Min

Tuesday, May 24, 2016

ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်ပြည်သူများအား မင်းပြားမြို့နယ်အလှူရှင်များမှ ဆန်နှင့် ​​ငွေ​ကြေးများ သွားရောက်ထောက်ပံ့ရန် ထွက်ခွာ

မင်းပြား (May 25, 2016)

စစ်ဘေးရှောင်ပြည်သူများ ခိုလှုံလျှက်ရှိသော ကျောက်တော်နှင့်​ ​​​ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများသို့ မင်းပြားမြို့နယ်မှ အလှူရှင်များ လှူဒါန်းသော ဆန်နှင့်ငွေကြေးများကို လှူဒါန်းထောက်ပံ့ပေးရန် မင်းပြားမြို့မှ ယနေ့ နံနက်ပိုင်းက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်မှ စေတနာရှင် အလှူရှင်များ၊ မြို့နယ်စည်း/ထိန်း ရဟန်းတော်များအဖွဲ့၊ "ဇ"-ဖောင်ဒေးရှင်းအဖွဲ့၊ ကျိန်းရိပ်မျိုးချစ် ဖောင်ဒေးရှင်း(တောင်ပိုင်း) နှင့် မြေပုံမြို့နယ် တွင်း/ငါးခူချောင်း ပရဟိတလူငယ်များအဖွဲ့တို့ စုပေါင်းပြီး ဆန်အိတ် (၁၀၀) ခန့်နှင့် ငွေကျပ်သိန်း (၅၀) ကို ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

အဆိုပါ မင်းပြားမြို့နယ်မှ အလှူရှင်များ စုပေါင်းအဖွဲ့သည် ယခု ​​​မေလဆန်း​က ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များရှိ စစ်ဘေးရှောင်ပြည်သူများအား ကျပ်သိန်း ၅၀ ခန့်တန်ဖိုးရှိသည့် အစားအစာရိက္ခာများ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းပြား - သတင်း
25 . 05 . 2016
Photo : Lin Tun

Sunday, May 22, 2016

ရခိုင်အမျိုးသားနေ့ အခမ်းအနား မင်းပြားမြို့၌ ကျင်းပ

မင်းပြား (May 22, 2016)

ယနေ့ (မေ ၂၂) ကဆုန်လပြည့်ကျော် (၁)ရက်နေ့တွင် ကျရောက်သည့် (၃)နှစ်မြောက် ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို မင်းပြားမြို့ မြို့မတောင်ကျောင်း၌ မင်းပြားရခိုင်အမျိုးသားပါတီမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက်ပိုင်းက မင်းပြားမြို့၊ မြို့မတောင်ကျောင်း၌ သံဃာတော်အရှင်သူမြတ်တို့အား မွန်းတည့်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နေ့လည်ပိုင်းတွင် မြို့မတောင်ကျောင်းရှိ ဓမ္မာရုံအတွင်း၌ ရခိုင်အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲပြုလုပ်ခဲ့သည်ဟု သိရသည်။

ဟောပြောပွဲတွင် ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးစောရွှေ၊ ဦးသိန်းစံ၊ ဦးမောင်မြအောင်နှင့် ဦးစံညွန့် တို့က ရခိုင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ကြပြီး အခမ်းအနားသို့ လူ(၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းပြား - သတင်း
22 . 05 . 2016
Photo : Khaing Danya

Friday, May 20, 2016

မင်းပြားမြို့၌ ရခိုင်အမျိုးသားနေ့ အခမ်းအနား ကျင်းပမည်

မင်း​ပြား (May 20, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၌ ၃ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မင်းပြား ရခိုင်အမျိုးသားပါတီမှ ဦးဆောင် ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိပါသည်။

ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် (၂၁-၅-၂၀၁၆) ရက်နေ့တွင် စာပေပြိုင်ပွဲ (ကဗျာနှင့် စာစီကုံးပြိုင်ပွဲများ) ကိုလည်းကောင်း၊ (၂၂-၅-၂၀၁၆)(ကဆုန်​လပြည့်​​ကျော်​ ၁ ရက်​​နေ့) နေ့လည် (၁၂)နာရီအချိန်၌ စာပေဟောပြောပွဲကို မင်းပြားမြို့၊ မြို့မတောင်ကျောင်း၌ လည်း​ကောင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း မင်းပြားမြို့ ရခိုင်အမျိုးသားပါတီမှ ပြန်ကြားရေး ဦးသိန်းစံကပြောသည်။

၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံ၌ ရခိုင် အသိပညာရှင် အတတ်ပညာရှင်များ အများသဖောတူညီချက်ဖြင့် ရခိုင်မဟာမုနိဘုရားအား သွန်းလုပ်ပြီးစီးခဲ့သည့် ကဆုန်လပြည့်ကျော် (၁)ရက်နေ့အား ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် အဆိုပါနေ့ရက်ရောက်တိုင်း ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲများကို ရခိုင်ပြည် မြို့နယ်များ၌ ကျင်းပခဲ့ကြခြင်း ဖြစ်​သည်​။

မင်းပြား - သတင်း
20 . 05 . 2016
Photo : ရိုးမဘာမထီ

မင်းပြားမြို့၌ ဘေးတွဲဆိုင်ကယ်များကို ဥပဒေအရ ဖမ်းဆီးအရေးယူတော့မည်

မင်းပြား (May 20, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၌ ဘေးတွဲဆိုင်ကယ်များကို ဥပဒေအရ အရေးယူ ဆောင်ရွက်တော့မည်ဟု သတင်းရရှိပါသည်။

ရခိုင်ပြည်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့(၂၀-၅-၂၀၁၆) နံနက် ၉ နာရီအချိန် ကော်မတီ (၃)ခုမှ တာဝန်ရှိ လူကြီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ (၂၄-၅-၂၀၁၆) ရက်နေ့မှစ၍ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်တော့မည် ဖြစ်သည်။

"ကျွန်တော်တို့ကလည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ကော် ၃ ကော်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဆွေးနွေးပြီး ဆုံးဖြတ်ချက်အတိုင်း ဥပဒေအရ အရေးယူရမှာ ဖြစ်ပါတယ်။ ဒီလ ၂၁ ရက်နေ့က ၂၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဘေးတွဲဆိုင်ကယ် တွေကို မောင်းလို့တွေ့ရင် အရေးယူပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးပါမယ်။ (၂၄-၅-၂၀၁၆) ရက်နေ့ကစပြီး  ဘေးတွဲဆိုင်ကယ်မောင်းသူတွေ ဆက်လို့ မောင်းနှင်နေတာတွေ့ခဲ့ရင် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ သူတို့လည်း စားဝတ်နေရေးအတွက် လုပ်နေရတယ်ဆိုတာကို နားလည်ပါတယ်။ ကိုယ်ချင်းလည်း စာနာပါတယ်။ ဒါတွေကို ကျွန်တော်တို့ မလုပ်ချင်ပေမယ့် ဥပဒေအရ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေးတွဲဆိုင်ကယ် မောင်းနှင်တဲ့ မင်းပြားက ညီ/အစ်ကိုတွေအနေနဲ့ သတ်မှတ်ပေးတဲ့ ဥပဒေကို လိုက်နာပေးကြပါလို့ ပြောချင်ပါတယ်။" ဟု မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း ကဆိုသည်။

"ဘေးတွဲ ဆိုင်ကယ်နဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းအတည်ပြုထားတာ မရှိတော့ ကျွန်တော်တို့ကလည်း ဘယ်လိုမှ မကယ်နိုင်ဘူး။ ဒါပေမယ့် အခုလက်ရှိ ရခိုင်ပြည်အစိုးရအဖွဲ့မှာ စည်ပင်ဥပဒေကို ဖြည့်စွက်ဖို့လုပ်နေတော့ အဲဒီမှာ ဘေးတွဲဆိုင်ကယ် ဥပဒေတစ်ရပ်ပါသွားအောင် ကျွန်တော်တို့ စည်ပင်ကော်မတီက အကြံပြုတင်ပြထားပါတယ်။" ဟု ဦးခင်ဇော်ဝင်း ကဆက်ပြောသည်။

မင်းပြားမြို့သည် စီးပွားရေးအချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုအခါ မြို့တွင်း၌ ခရီးသည်နှင့် ကုန်ပစ္စည်းများ သည်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် လိုင်စင်ရှိ အနှေးယာဉ် (ဆိုက္ကား) အစီး ၁၅၀ ကျော်နှင့် ဘေးတွဲဆိုင်ကယ် အစီး ၈၀ ကျော်ရှိကြောင်း သိရသည်။

မင်းပြား - သတင်း
20 . 05 . 2016
Photos: သူရိန်လင်း

(မင်းပြားမြို့မဈေးကြီးအနီး၌ ရပ်ထားသည့် ဘေးတွဲဆိုင်ကယ်များကို တွေ့ရစဉ်)

Monday, May 16, 2016

မင်းပြားမြို့နယ် ငှက်ရဲကောက်ကျေးရွာ၌ အရက်ဘီယာများ ရောင်းချ သောက်စားခွင့် မပြုလုပ်ကြရန် ဂါမပညတ်သတ်မှတ်ကာ စတင်ကျင့်သုံး

မင်းပြား (May 17, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကျွဲကြိုအုပ်စု၊ ငှက်ရဲကောက်ကျေးရွာ၌ မူးယစ်စေတတ်သော အရက် ဘီယာများ ရောင်းချ/ သောက်စားခွင့် မပြုလုပ်ကြရန် ဂါမပညတ်သတ်မှတ်ကာ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အိမ်ခြေ ၁၀၀ ကျော်ရှိသည့် အဆိုပါ ငှက်ရဲကောက်ကျေးရွာတွင် အရက်ဘီယာ သောက်စားမူးယစ်မှုများကြောင့် နောက်ဆက်တွဲ လူမှုရေး၊ အိမ်ထောင်ရေး ပြဿနာများ အမြဲလိုလို ဖြစ်ပွားလာသည့်အတွက် ကျေးရွာရှိ အမျိုးသမီးအဖွဲ့များမှ ဦးဆောင်ကာ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျေးရွာသူ/သားများ စုပေါင်း၍ (၁၄-၅-၂၀၁၆) ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ အဆိုပါ ကျေးရွာနယ်နိမိတ်အတွင်း မည်သူ့တစ်ဦးတစ်ယောက်ကိုမျှ အရက်ဘီယာ ရောင်းချခွင့်​၊ သောက်စားခွင့် မပြုကြောင်းကို ရွာဂါမပညတ်အဖြစ် သတ်မှတ်ကာ စတင်ကျင့်သုံးလျှက် ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းကပြောသည်။

"ကျေးရွာအမျိုးသမီးတွေ ဦးဆောင်ပြီး ရွာသူ/သားတွေရဲ့ တောင်းဆိုချက်အရ အစည်းအဝေးခေါ်ယူပြီး အများဆုံးဖြတ်ချက်အတိုင်း စည်းကမ်းသတ်မှတ်ပေးခဲ့တာပါ။ ရွာမှာ အိမ်ခြေ ၁၃၀ ကျော် ရှိတဲ့အနက် တစ်အိမ်တစ်ယောက်ကျ အစည်းအဝေး ဖိတ်ကြားခဲ့တာ တက်ရောက်သူ တစ်ရာကျော်ရှိပါတယ်။ ကျေးရွာအတွင်း အရက်ဘီယာ ရောင်းချခွင့်၊ သောက်စားခွင့် ပိတ်ပင်တာကို ကန့်ကွက်တဲ့လူ မရှိပါဘူး။ ရွာမှာ အဓိက အရက်ရောင်းတဲ့ဆိုင် ၆ ဆိုင်က ပိုင်ရှင်တွေကိုလည်း အရက်ရောင်းချခွင့် မပြုကြောင်းကို သိရှိပါကြောင်း လက်မှတ်ထိုးတာ လုပ်ထားပါတယ်။ ဒီကိစ္စကို မြို့နယ်က သက်ဆိုင်ရာဌာန လူကြီးတွေ သိရှိနိုင်အောင် ဆက်လက်တင်ပြဖို့ လုပ်ထားပါတယ်။" ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်း ကဆက်ပြောသည်။

"ကျွန်မတို့ ငှက်ရဲကောက်ကျေးရွာမှာ ဒီ အရက်ကြောင့် မိသားစုပြဿနာ၊ အိမ်ထောင်ရေး၊ လူမှုရေးပြဿနာ ဖြစ်တာတွေ တစ်နေ့ထက်တစ်နေ့ ပိုပိုများလာပါတယ်။ ဒီ အရက်ကြောင့် ​ကျေးရွာ စည်းလုံးညီညွတ်မှုလည်း ပြိုကွဲကုန်ပါပြီ။ ဒါကြောင့် ကျွန်မတို့ အခုလို လုပ်ရတာပါ။ ကျေးရွာ နယ်နိမိတ်အတွင်း အရက်ဘီယာ ရောင်းချ/သောက်စားတာကို ဖမ်းတွေ့ခဲ့ရင် ဒဏ်ငွေ တစ်သိန်း သတ်မှတ်ထားပါတယ်။ အဲဒီငွေတွေကို ကျေးရွာ အကျိုးပြု လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အလှူမင်္ဂလာဆောင်ပွဲဖြစ်ဖြစ်၊ နာရေးဖြစ်ဖြစ် ဘယ်လို အကြောင်းပြချက်နဲ့မှ အရက်ဘီယာ ရောင်းချ/သောက်စားခွင့် လုံးဝ ခွင့်မပြုပါဘူး။ ကျူးလွန်ရင်တော့ ဘယ်သူ့ကိုမဆို ဒဏ်တပ်မှာပဲ။" ဟု အဆိုပါ ကျေးရွာအတွင်း အရက်တိုက်ဖျက်ရေးကို ဦးဆောင်သည့် ကျေးရွာအမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်အေးစိန်နု က ပြောသည်။

လွန်​ခဲ့​သော ၂ နှစ်​ခန့်​ကပင်​ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ စကု၊ မကျည်းကျွန်းရှိ ကျေးရွာများတွင် ကျေးရွာ အမျိုးသမီးများမှ ဦးဆောင်၍ အရက်ရောင်းချခွင့် သောက်သုံးခွင့်ကို ခွင့်​မပြု​ကြောင်း ကျေးရွာ ဂါမပညတ်အဖြစ် သတ်မှတ် တားမြစ်နိုင်ခဲ့ပြီး ယနေ့ထိ အောင်မြင်စွာ ကျင့်သုံးလျှက်ရှိကြောင်း သိရသည်။

မင်းပြား - သတင်း
17 . 05 . 2016

Wednesday, May 11, 2016

မင်းပြားမြို့တည်နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေနိုင်ရန် စာမူဖိတ်ခေါ်ခြင်း

မင်းပြား (May 12, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့တည် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီမှထုတ်ဝေမည့် "မင်းပြားမြို့တည် နှစ်(၁၅၀)ပြည့် မဂ္ဂဇင်း" ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ရာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား၍ စာမူများပေးပို့နိုင်ကြောင်း သိရသည်။

စာမူသတ်မှတ်စည်းကမ်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ကဗျာ (A4 စာရွက် ၃ မျက်နှာထက်မပိုရ)
၂။ ဝတ္ထုတို (A4 စာရွက် ၆ မျက်နှာထက်မပိုရ)
၃။ ရသစာပေ (A4 စာရွက် ၃ မျက်နှာထက်မပိုရ)
၎။ ဆောင်းပါး (A4 စာရွက် ၆ မျက်နှာထက်မပိုရ)
၅။ ရိုးရာပုံပြင် (A4 စာရွက် ၃ မျက်နှာထက်မပိုရ)
၆။ ဟာသ/ကာတွန်း/ တစ်မျက်နှာဝတ္ထုတို (A4 စာရွက် ၃ မျက်နှာထက်မပိုရ)

၎င်းအပြင် စာမူများကိုရေးသားရာတွင် ကလောင်အမည်၊ အမည်ရင်း၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ အပြည့်အစုံ ပါရှိရမည်။ မဂ္ဂဇင်း/ စာစောင် တစ်ခုခုတွင် ဖော်ပြခံရပြီးသား စာမူများ၊ ပေးပို့ထားဆဲ စာမူများ မဖြစ်စေရ။ ဘာသာပြန် စာမူဖြစ်ပါက မူရင်း/မိတ္တူ ပူးတွဲပါရှိရမည်။ ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ခံဝန်ချက်ပါရှိရမည်။ စာမူများကိုရေးသားရာတွင် (ရခိုင်၊ အင်္ဂလိပ်၊ မြန်မာ) မည်သည့်ဘာသာ/စာဖြင့်မဆို လွတ်လပ်စွာရေးသားနိုင်သည်။

စာမူများသည် မင်းပြားမြို့နယ်နှင့် ရခိုင်ဒေသဆိုင်ရာ သမိုင်း၊ ရိုးရာဓလေ့၊ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို အခြေခံသည့်စာမူများကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။

ဖော်ပြပါ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသည့် စာမူများကို ဘဒ္ဒန္တ ဥာဏသာမိ၊ တေဇာရာမကျောင်းတိုက်၊ မင်းပြားမြို့ (ဖုန်း-၀၉၂၅၀၃၂၈၂၃၄)၊ ဦးမောင်သိန်းဇံ အောင်သစ္စာလမ်း၊ ပြည်တော်သာရပ်ကွက်၊ မင်းပြားမြို့ (ဖုန်း-၀၉၂၅၀၁၉၉၁၅၄)၊ ဦးဦးကျော်သိန်း၊ မြို့သစ်ရပ်ကွက်၊ မင်းပြားမြို့ (ဖုန်း-၀၉၂၅၃၄၆၆၈၉၉)၊ ဦးစိုးဝင်း၊ မြို့မစာကြည့်တိုက်၊ မင်းပြားမြို့ (ဖုန်း-၀၉၂၅၀၈၈၂၁၀၉) တို့ကို ဆက်သွယ်ပေးပို့နိုင်ပြီး Email ဖြင့် ပေးပို့လိုပါက panhla700@gmail.com နှင့် akthein.mm@gmail.com သို့ ပေးပို့နိုင်ကြောင်း သိရသည်။

မင်းပြား - သတင်း
12 . 05 . 2016

Photo: မြို့မစာကြည့်တိုက်-မင်းပြား

မင်းပြားမြို့ ရာမောင်တံတားအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကာ လူ ၃ ဦးသေဆုံး

မင်းပြား (May 11, 2016)

မေလ ၁၁ ရက်နေ့ နေ့လည်  ၁ နာရီကျော်အချိန့်က မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် နန်းတော်ဝင် မန္တလေး-စစ်တွေကားနှင့် ဆိုင်ကယ်တစ်စီးတိုက်မိကာ ဆိုင်ကယ်စီးလာသူ ၃ ဦးသေဆုံးမှာ သေဆုံးသွားခဲ့ကြောင်း မင်းပြားရဲစခန်းမှသိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ရန်ကုန်-စစ်တွေကားလမ်း  မိုင်တိုင်အမှတ်(၉၀/၃)တွင် စစ်တွေမှ မန္တလေးသို့ထွက်ခွာလာသည့် နန်းတော်ဝင် ခရီးသည်တင်ကားနှင့်  CZI-125 အနက်ရောင်မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကာ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၃ ဦးအနက် ၂ ဦးမှာပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကာ ယာဉ်တိုက်မှုကြောင့် နန်းတော်ဝင်ကားမှာ လမ်းဘေးသို့ထိုးကျသွားခဲ့သော်လည်း ခရီးသည်များ တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ကြောင်း မင်းပြားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူများမှာ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြပြီး မောင်လှိုင် (အသက်-၃၂ နှစ်)(ဘ)ဦးကျော်သိန်းစိန်၊ ဦးကျော်စိုး (အသက် ၂၂-နှစ်) (ဘ)ဦးဝင်းအောင် နှင့် ညီသန်းဌေး (အသက်-၂၀ နှစ်) (ဘ) ဦးအောင်ကျော်သိန်း တို့ဖြစ်ကြကာ နန်းတော်ဝင်ကားမှ ယာဉ်မောင်းဖြစ်သူ ဦးကျော်ကျော်ဦး (ခ) ကရင် (အသက် ၃၂-နှစ်) အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (ယာဉ်)ပ/၂၈ ပုဒ်မ ၃၀၄-(က) အရ မင်းပြားရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မင်းပြား - သတင်း
ဓာတ်ပုံ - မျိုးစောင့်ရခိုင်

Ref: Developmemt Media Group

https://m.facebook.com/story.php?story_fbid=637087903110291&substory_index=0&id=466648543487562

Monday, May 9, 2016

မင်းပြားမြို့နယ်၌ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသော ရွာတစ်ရွာမှ လူငယ် ၅ ဦးအား ဗုဒ္ဓဘာသာသို့ သွတ်သွင်းပေးခဲ့

မင်းပြား (May 10, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသည့် တောင်ရှည်ပြင်ကျေးရွာအုပ်စု၊ သဗြုရေမျက်ဆိုသည့် ချင်းတိုင်းရင်းသား ကျေးရွာမှ လူငယ် ၅ ဦးအား ဗုဒ္ဓဘာသာသို့ သွတ်သွင်းသည့် အခမ်းအနားတစ်ခုကို (၉-၅-၂၀၁၆) ရက်နေ့ ည​နေပိုင်းက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ သဗြုရေမျက်ကျေးရွာတွင် ယခင်က ဗုဒ္ဓဘာသာကိုးကွယ်သူများ အများအပြားရှိခဲ့သော်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း မရှိသည့်အတွက် ယခုအခါ ရွာလုံးကျွတ်နီးပါး ခရစ်ယာန်ဘာသာသို့ ကူးပြောင်း ကိုးကွယ်လျှက်ရှိသည်ဟု သိရသည်။

ထိုကျေးရွာမှ အဆိုပါ လူငယ် ၅ ဦးသည် သူတို့ မိဘများ ကိုးကွယ်သည့် ခရစ်ယာန်သာကိုလည်း မကိုးကွယ်၊ ခရစ်ယာန်ဘာသာဝင်အဖြစ်လည်း မခံယူဘဲ ဗုဒ္ဓသာသာကိုသာ ကိုးကွယ်လိုသည့်အတွက် မိဘများက ခွင့်ပြုခဲ့သဖြင့် သူတို့၏ အစ်မ ဦးဆောင်မှုနှင့်အတူ မင်းပြားမြို့ သီရိရတနာ ချောင်းရှည်ကျောင်းတိုက်၌ ဗုဒ္ဓဘာသာဝင်အဖြစ် ရှင်ပြု/မယ်သီလရှင် ဝတ်ပေးခဲ့ရကြောင်း ထိုကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သဇ္ဇန (မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်) က မိန့်ကြားသည်။

"အခု ဗုဒ္ဓသာသာဝင်အဖြစ် ရှင်ပြု/မယ်သီလရှင် ဝတ်ပေးခဲ့တာက လူငယ် ၅ ဦးပါ။ ယောက်ျားလေး ၂ ဦးနဲ့ မိန်းကလေး ၃ ဦး၊ အသက်က ၇ နှစ်နဲ့ ၁၃ နှစ် အကြား အရွယ်တွေပါ။ သူတို့လေးတွေက သူတို့ရွာသူ/သားတွေနဲ့ သူတို့မိဘတွေ ကိုးကွယ်နေတဲ့ ခရစ်ယာန်ဘာသာကို မကိုးကွယ်ဘဲ ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်ချင်တဲ့အတွက် အခုလို လုပ်ပေးရခြင်း ဖြစ်ပါတယ်။ ကိုယ်ရင်လေး ၂ ပါးက ဆရာတော်တို့ ကျောင်းမှာ သီတင်းသုံး ပညာသင်ယူမယ်။ မယ်သီလရှင် ၃ ပါးကတော့ သီလရှင်မဂ္ဂင်မှာ သီတင်းသုံးပြီး ပညာသင်ယူမယ် ဆိုပြီး စီစဉ်ထားပါတယ်။" ဟု အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ဤဗုဒ္ဓဘာသာသို့ သွတ်သွင်းပေးသည့် ရှင်ပြု/မယ်သီလရှင်ဝတ် အခမ်းအနားကို မြို့နယ်သံဃနာယ ဥက္ကဋ္ဌ ဆရာတော်၊ အတွင်းရေးမှူး ဆရာတော်၊ မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် လူပရိတ်သတ် အနည်းငယ် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ (၂၆)ရက်နေ့ကလည်း မင်းပြားမြို့နယ် တောင်ဘက်ဆုံးပိုင်းရှိ ချင်းတိုင်းရင်းသား ကျေးရွာများ ဖြစ်ကြသည့် သံကြိုး၊ ခွဆုံ၊ ချောင်းနက်နှင့် တောင်ပုက္ကေ ကျေးရွာများမှ ချင်းတိုင်းရင်းသား (၈၁)ဦးအား ဗုဒ္ဓဘာသာဝင် ရှင်ပြုပွဲကြီးကို မင်းပြားမြို့နယ် သာသနာ​ရေး ဦးစီးမှူးနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များမှ ဦးဆောင်ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

မင်းပြား - သတင်း
10 . 05 . 2016

Wednesday, May 4, 2016

မင်းပြားမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်

မင်းပြား (May 05, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတစ်ရပ်ကို (၄-၅-၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းက မင်းပြားမြို့နယ်ဓမ္မာရုံအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုနှင့် စည်းကမ်းမဲ့ လမ်းသွားလမ်းလာများကြောင့် ဖြစ်ပွားနေကျဖြစ်သည့် ယာဉ်တိုက်မှုများကို လျှော့ချနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ အဆိုပါ ဟောပြောပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  အခမ်းအနားသို့ ဌာနဆိုင်ရာလူကြီးများနှင့် မော်တော်ကား၊ သုံးဘီးဆိုင်ကယ်၊ အနှေးယာဉ် မောင်းနှင်သူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ယာဉ်ထိန်းတာဝန်ခံ ရဲအုပ်ထွန်းလှအောင်နှင့် မြို့နယ်ရဲစခန်းမှူးအပါအဝင် သက်ဆိုင်ရာဌာန လူကြီးများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် မင်းပြားမြို့၌ ယာဉ်/လမ်း ပိတ်ဆို့မှု အများဆုံးဖြစ်နေသည့် ကမ်းနားလမ်းနှင့် မြောင်းဘွေလမ်းကို တစ်လမ်းမောင်းစနစ် ပြုလုပ်နိုင်ရန်အတွက် ယာဉ်ထိန်းရဲအဖွဲ့နှင့် စည်ပင်ကော်မတီတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တစ်လမ်းမောင်းစနစ်အတွက် လမ်းညွှန်ဆိုင်းဘိုးများ ဆောင်ရွက်ပြီးစီးပါက ကမ်းနားလမ်းတွင်  မြို့နယ်ဓမ္မာရုံဘက်မှ ဘုတ်ဆိပ်ဘက်သို့ (မြောက်မှတောင်သို့) လည်းကောင်း၊ မြောင်းဘွေလမ်းတွင် ကျိန်းဒုံးညိုလမ်းဆုံ (လမ်းသစ်ခွဆုံ)မှ ရုံးတက်လမ်း လမ်းဆုံ အထိ (တောင်မှမြောက်သို့) လည်းကောင်း တစ်လမ်းမောင်းစနစ်ဖြင့် အကောင်အထည်ဖော်ကာ ယာဉ်/လမ်း ပိတ်ဆို့မှုပြဿနာကို ဖြေရှင်းသွားမည် ဖြစ်သည်။

ထို့ပြင် မင်းပြားမြို့ပေါ်ရှိ ရပ်ကွက် ၈ ရပ်ကွက်တွင်လည်း ရပ်ကွက်အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်​ရာ အသိပညာပေး ဟောပြောပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပြီးနောက်တွင် ယာဉ်/လမ်း စည်းကမ်း ဖောက်ဖျက်သူများအား ပြစ်ဒဏ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းပြား - သတင်း
05 . 05 . 2016