မင်းပြား (May 20, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့၌ ဘေးတွဲဆိုင်ကယ်များကို ဥပဒေအရ အရေးယူ ဆောင်ရွက်တော့မည်ဟု သတင်းရရှိပါသည်။
ရခိုင်ပြည်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့(၂၀-၅-၂၀၁၆) နံနက် ၉ နာရီအချိန် ကော်မတီ (၃)ခုမှ တာဝန်ရှိ လူကြီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ (၂၄-၅-၂၀၁၆) ရက်နေ့မှစ၍ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်တော့မည် ဖြစ်သည်။
"ကျွန်တော်တို့ကလည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ကော် ၃ ကော်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဆွေးနွေးပြီး ဆုံးဖြတ်ချက်အတိုင်း ဥပဒေအရ အရေးယူရမှာ ဖြစ်ပါတယ်။ ဒီလ ၂၁ ရက်နေ့က ၂၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဘေးတွဲဆိုင်ကယ် တွေကို မောင်းလို့တွေ့ရင် အရေးယူပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးပါမယ်။ (၂၄-၅-၂၀၁၆) ရက်နေ့ကစပြီး ဘေးတွဲဆိုင်ကယ်မောင်းသူတွေ ဆက်လို့ မောင်းနှင်နေတာတွေ့ခဲ့ရင် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ သူတို့လည်း စားဝတ်နေရေးအတွက် လုပ်နေရတယ်ဆိုတာကို နားလည်ပါတယ်။ ကိုယ်ချင်းလည်း စာနာပါတယ်။ ဒါတွေကို ကျွန်တော်တို့ မလုပ်ချင်ပေမယ့် ဥပဒေအရ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေးတွဲဆိုင်ကယ် မောင်းနှင်တဲ့ မင်းပြားက ညီ/အစ်ကိုတွေအနေနဲ့ သတ်မှတ်ပေးတဲ့ ဥပဒေကို လိုက်နာပေးကြပါလို့ ပြောချင်ပါတယ်။" ဟု မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း ကဆိုသည်။
"ဘေးတွဲ ဆိုင်ကယ်နဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းအတည်ပြုထားတာ မရှိတော့ ကျွန်တော်တို့ကလည်း ဘယ်လိုမှ မကယ်နိုင်ဘူး။ ဒါပေမယ့် အခုလက်ရှိ ရခိုင်ပြည်အစိုးရအဖွဲ့မှာ စည်ပင်ဥပဒေကို ဖြည့်စွက်ဖို့လုပ်နေတော့ အဲဒီမှာ ဘေးတွဲဆိုင်ကယ် ဥပဒေတစ်ရပ်ပါသွားအောင် ကျွန်တော်တို့ စည်ပင်ကော်မတီက အကြံပြုတင်ပြထားပါတယ်။" ဟု ဦးခင်ဇော်ဝင်း ကဆက်ပြောသည်။
မင်းပြားမြို့သည် စီးပွားရေးအချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုအခါ မြို့တွင်း၌ ခရီးသည်နှင့် ကုန်ပစ္စည်းများ သည်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် လိုင်စင်ရှိ အနှေးယာဉ် (ဆိုက္ကား) အစီး ၁၅၀ ကျော်နှင့် ဘေးတွဲဆိုင်ကယ် အစီး ၈၀ ကျော်ရှိကြောင်း သိရသည်။
မင်းပြား - သတင်း
20 . 05 . 2016
Photos: သူရိန်လင်း
(မင်းပြားမြို့မဈေးကြီးအနီး၌ ရပ်ထားသည့် ဘေးတွဲဆိုင်ကယ်များကို တွေ့ရစဉ်)
No comments:
Post a Comment