မင်းပြား (June 21, 2016)
၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းက မင်းပြားမြို့၊ ရာမောင်ခန်းမ၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် မင်းပြားမြို့မှ ပြည်သူများ တွေ့ဆုံပွဲအခမ်းအနားတွင် မင်းပြားမြို့၏ လိုအပ်ချက်များကို တင်ပြတောင်းဆိုခဲ့ကြောင်း သိရပါသည်။
ဦးခင်ဇော်ဝင်း က "မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် မြို့၏အဓိက ရေထွက်ပေါက်များ ဖြစ်ကြသည့် သံထောင်ချောင်း၊ ဦးဂေါက်ရချောင်း၊ ဦးမောင်ဘကျိုင်ချောင်း၊ ပြည်တော်လှချောင်းနှင့် ဈေးချောင်းတို့ကို ကျောက်စီမြေထိန်းနံရံ ပြုလုပ်ပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ပါရန်" တင်ပြတောင်းဆိုခဲ့သည်။
ဆက်လက်ပြီး "မင်းပြားမြစ်ကမ်းပါး ရေတိုက်စား ကမ်းပြိုခြင်းနှင့် ပတ်သက်ပြီး မင်းပြား ရွှေပြည်တန်ဆိပ်မှ မင်းဘာကြီးရပ်ကွက် RC ဆိပ်ခံတံတားအထိ ကမ်းပြိုနေသည့် နေရာများအား ဘိုးပိုင်အခြေပြု ကျောက်စီနံရံ ပြုလုပ်ဆောင်ရွက်ပေးနိုင်ပါရန်" တင်ပြတောင်းဆိုခဲ့သည်။
ဆက်လက်၍ "ရခိုင်ပြည်၊ မင်းပြားမြို့သည် လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး အဓိက စီးပွားရေး လုပ်နေရသည့် မြို့တစ်မြို့ဖြစ်ရာ အခြေခံ တောင်သူလယ်သမားများ အဆင်ပြေစေရန် အတွက် အဆင့်မြင့် လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ရေး၊ ကျွဲနွား စားကျက်မြေ ရှားပါးလာမှုနှင့် လယ်အလုပ်သမားများ ရှားပါးလာမှု ပြဿနာကို ဖြေရှင်းပေးနိုင်ရန် အတွက်လက်မှုလယ်ယာမှ စက်မှုလယ်ယာ အဆင့်သို့ မြှင့်တင်ပေးနိုင်ပါရန်" တင်ပြတောင်းဆိုခဲ့သည်။
ဦးအောင်ကျော်ထွန်း က "မင်းပြားမြို့နယ်၌ လျှပ်စစ်ဓာတ်အား (၂၄)နာရီ ရရှိနိုင်ရန်အတွက် လည်းကောင်း၊ မင်းပြားမြို့ပေါ် ရေ ရရှိနိုင်ရေးအတွက် မြောင်းကြီးဆည်မှ မင်းပြားမြို့ပေါ်သို့ ရေပိုက်လိုင်းဖြင့် ရေသယ်ယူနိုင်ရန် ဆောင်ရွက်ရေးပေးနိုင်ရေးအတွက် လည်းကောင်း၊ မင်းပြားမြို့ပေါ်ရှိ အဓိက ယာဉ်/လူ အသွားအလာ အများဆုံး လမ်းများဖြစ်ကြသည့် ကမ်းနားလမ်း၊ ဦးဥတ္တမလမ်း၊ အောင်သစ္စာလမ်း၊ အောင်မေတ္တာလမ်း၊ ဦးကျော်ဦးလမ်းနှင့် ကျိန်းဒုံးညိုလမ်း တို့ကို သံကူကွန်ကရစ်လမ်းများဖြစ်အောင် ကူညီဆောင်ရွက်ပေးနိုင်ပါရန်" တင်ပြတောင်းဆိုခဲ့သည်။
ဦးမောင်စောအောင်က "မင်းပြားမြို့နယ်မှ ကျေးလက်နေ ပြည်သူတို့ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးစွာ နေထိုင်နိုင်ရန်အတွက် ခွေးတောက်ချောင်း ကျေးရွာအခြေပြု ကျေးရွာ(၃)ရွာအတွက် Cyclone Shelter (၁)လုံးနှင့် လဟာကျယ် ကျေးရွာအခြေပြု ကျေးရွာ (၂)ရွာအတွက် Cyclone Shelter (၁)လုံး တည်ဆောက်ပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ပါရန်" တင်ပြတောင်းဆိုခဲ့သည်။
၎င်းကဆက်လက်၍ "မင်းပြားမြို့နယ်မှ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက် မြေသားလမ်းများဖြစ်ကြသည့် င/ပုကွ-နပဲ့ချောင်း-ကုတိုးဆိပ် မြေသားလမ်း၊ ပန်းမြောင်း-လက်မ(ရခိုင်) မြေသားလမ်း၊ မင်းပြား-မြေပုံလမ်းနှင့် ဆက်သွယ်ထားသည့် တရဂူရွာသစ် မြေသားလမ်းများတွင် အချိန်မရွေး၊ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ပါရန်" တင်ပြခဲ့သည်။
၎င်းအပြင် "မင်းပြားမြို့နယ် ပြွန်ရှည်ချောင်းအတွင်းရှိ ချင်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများဖြစ်ကြသည့် တရဂူရွာသစ်-တောင်ချေပြင်-ဆင်အိုး ကျေးရွာများ၏ ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ပေးနိုင်ရေး၊ မင်းပြားမြို့နယ် မြောက်ပိုင်း၌ မင်းဖူး-သတိုး ကျေးရွာချင်းဆက်လမ်း၊ လက်မ(ရခိုင်)-ချင်းဆိပ် ကျေးရွာချင်းဆက်လမ်းနှင့် ဒုံးသား-မြင်းကဆိပ် ကျေးရွာချင်းဆက်လမ်းများအား ဖောက်လုပ်ပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ပါရန်" ဆက်လက်တင်ပြခဲ့သည်။
ထို့အပြင် "မြို့နယ်ချင်းဆက် လမ်းများဖြစ်ကြသည့် မင်းပြား-မြေပုံ ကျောက်ချောလမ်း မိုင်တိုင်အမှတ် (၅/၇)မှ (၃၄/၇) အတွင်း (၁၈) မိုင်အား လည်းကောင်း၊ မိုင်တိုင်အမှတ် (၁၈/၄) မှ ၃၃၀ ပေ၊ စုစုပေါင်း (၁၈)မိုင် (၃၃၀)ပေအား ကွန်ကရစ်လမ်း (သို့) ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တည်ဆောက်ပေးနိုင်ပါရန်နှင့် ပေါက်တော-မင်းပြား လမ်းပိုင်းရှိ မိုင်တိုင်အမှတ်(၆/၃)နှင့် (၂၀/ဝ) အတွင်း ရေတိုးနေသောနေရာ (၅)မိုင်ခန့် လမ်းအရှည်ကို ရေတားမြေထိန်းနံရံများ၊ ရေထွက်ပေါက်များ ပြုလုပ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးပါရန်" တင်ပြခဲ့သည်။
ထို့နောက် ဦးအောင်မြသိန်းက "မင်းပြားမြို့နယ် မြောက်ပိုင်း၌ ဒေသခံ ငါးဖမ်းသမားများ၏ ငါးအကြီး/အငယ် မရှောင် ငါးဖမ်းဆီးမှု၊ ငါးဥချိန် ပေါက်ချိန် ငါးဖမ်းဆီးမှု၊ ကာရန်းတိုက် ငါးဖမ်းဆီးမှု၊ မော်ရံပိုက် (ဖော့ပိုက်) ဖြင့် ငါးဖမ်းဆီးမှု၊ ဓာတုဆေးဝါးအသုံးပြု၍ ငါး/ပုစွန် ဖမ်းဆီးမှုများကြောင့် ရေချို ငါး/ပုစွန် မျိုး ပြုန်းတီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေကာ ဒေသခံပြည်သူများ အနေဖြင့် ပြည်မဖက်မှ တင်သွင်းလာသည့် ငါးတန်/ ငါးဝိုင်း စသည့် ငါးများကို ဝယ်ယူ စားသုံးနေရကြောင်း၊ သို့ဖြစ်သည့်အတွက်ကြောင့် အဆိုပါ စည်းကမ်းမဲ့ ငါး/ပုစွန် ဖမ်းဆီးမှုများကို ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးနိုင်ပါရန်" တင်ပြခဲ့သည်။
၎င်းက ဆက်လက်၍ "မင်းပြားမြို့နယ် ပြည်သူများ၏ ကျန်းမာရေးအတွက် လက်ရှိ ၂၅ ကုတင်ဆန့် ပြည်သူ့ဆေးရုံကို ကုတင် ၅၀ ဆန့် ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်" လည်း တင်ပြခဲ့သည်။
အဆိုပါ တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ပြန်လည်ပြောကြားရာတွင် သူ့အနေဖြင့် တင်ပြချက်များအားလုံးကို မှတ်တမ်းယူထားပါကြောင်းနှင့် ထိုတင်ပြချက်များကို မိမိအနေဖြင့် အတတ်နိုင်ဆုံး တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိဂုံချုပ်ပြောကြားခဲ့သည်ဟု သိရသည်။
မင်းပြား - သတင်း
21 . 06 . 2016
Photo: Ko Zaw Ko Zaw
0 comments:
Speak up your mind
Tell us what you're thinking... !