မင်းပြား (Jan 7, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၌ မင်းပြား - မြေပုံ ကားလမ်းပေါ်တွင်ရှိသည့် ကြပ်စင်မြစ်ကို မော်တော်ကားများ ဖြတ်ကူးနိုင်ရန် ဇက်ကူးတို့ ဖွင့်ပွဲကို (၇-၁-၂၀၁၆) ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ ဇက်ကူးတို့ဖွင့်ပွဲ အခမ်းအနားသို့ လက်ရှိ ရခိုင်ပြည်ဝန်ကြီးချုပ် ဦးမြအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး အဆိုပါဖွင့်ပွဲသို့ ဌာနဆိုင်ရာ လူကြီးများ၊ မြို့သူ/သားများနှင့် အနီးအနား ကျေးရွာများမှ ရွာသူ/သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလ မင်းပြားမြို့သို့ ရောက်ရှိလာခိုက် မင်းပြားမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် အဆိုပါ မင်းပြား - မြေပုံ ကားလမ်းပေါ်တွင်ရှိသည့် ကြပ်စင်မြစ်ကို ဖြတ်ကူးနိုင်ရန် တံတားတစ်စင်း မတည်ဆောက်မီ မော်တော်ကားများ အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရန် အတွက် မင်းပြားမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် စည်ပင်ကော်မတီတို့မှ တာဝန်ရှိသူများက ဇက်ကူးတို့ စီစဉ်ပေးနိုင်ပါရန် တင်ပြတောင်းဆိုခဲ့ရာ ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်က နှုတ်ကတိအားဖြင့် ခွင့်ပြုခဲ့ကာ ယခုနှစ်မှ ကြပ်စင်မြစ်ကူး ဇက်ကူးတို့ကို အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောသည်။
ယခုအခါ မင်းပြား - မြေပုံ ကားလမ်းပေါ်တွင် ရှိသည့် ကြပ်စင်မြစ်ကူးတံတားကို စတင်တည်ဆောက်လျှက်ရှိကာ တံတားမပြီးစီးမီကာလအတွင်း မင်းပြား - မြေပုံ ခရီးစဉ်ကို မော်တော်ကားဖြင့် သွားလိုသူများ အနေဖြင့် ဇက်ကူးတို့ဖြင့် ဖြတ်သန်းသွားနိုင်မည် ဖြစ်သည်။
မင်းပြား - သတင်း
7 - 1 - 2016
Photos credit: Yay Khar
0 comments:
Speak up your mind
Tell us what you're thinking... !