မင်းပြား (နိုဝင်ဘာ ၁၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့တွင် ရေဘေးသင့်ပြည်သူများ စိတ်ရွှင်လန်း အပန်းဖြေစေရန် ရည်ရွယ်ပြီး (အခမဲ့) တေးဂီတဖျော်ဖြေပွဲနှင့် ဒေါက်တာအေးချမ်း (သမိုင်းသုတေသီ) ဟောပြောပွဲကို (၄-၁၁-၂၀၁၅) ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိပါသည်။
တေးဂီတဖျော်ဖြေပွဲကို ၎င်းနေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်း (သမိုင်းသုတေသီ) ဟောပြောပွဲကို နေ့လည်ပိုင်းတွင် လည်းကောင်း၊ ပြုလုပ်ကျင်းပရန် စီစဉ်ထားကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရန်အတွက် ဦးဆောင်စီစဉ်နေသူ ကိုကျော်ရှိန်က ပြောသည်။
" တေးဂီတဖျော်ဖြေပွဲကို မနက်ပိုင်းလုပ်မယ်၊ သမိုင်းသုတေသီ ဒေါက်တာအေးချမ်း ဟောပြောပွဲကို နေ့လည်ပိုင်း လုပ်မယ် ဆိုပြီးတော့ စီစဉ်ထားပါတယ်။ နေရာက မင်းပြားမြို့၊ ရာမောင်ခန်းမနောက်က ဂန္ဓဝေပန်းခြံထဲမှာ လုပ်မှာပါ။ ဒါပေမယ့် အခု မိုးလေဝသအခြေအနေအရ အဲဒီနေ့မှာ မိုးရွာခဲ့လို့ရှိရင် ရာမောင်ခန်းမထဲမှာလုပ်ဖို့ စီစဉ်ထားပါတယ်။ ဝင်ကြေးပေးစရာမလိုပါဘူး။ မင်းပြားမြို့သူ/သားတွေ စိတ်လွတ်လပ်စွာ အပန်းဖြေ ပျော်ရွှင်စေဖို့ ကျနော်တို့ မင်းပြားမြို့သား စေတနာရှင်များက ကမကထ ဆောင်ရွက်ပေးကြတာပါ။ " ဟု ကိုကျော်ရှိန်က ဆိုပါသည်။
၎င်းနေ့ နံနက်ပိုင်းတွင် Wall Of West (WOW) Music Band နှင့်အတူ နာမည်ကြီး ဂီတအနုပညာရှင်များ ဖြစ်ကြသော နိုင်းနိုင်း၊ ညီမင်းခိုင်၊ မြတ်ခိုင်ကျော်၊ စစ်နိုင် ၊ ရဲလင်းအောင်၊ Lကိုလင်း၊ ထွဋ်ထွဋ် ၊ ခိုင်မင်းဟိန်း၊ ထွန်းထွန်း၊ မောင်ကိုကို ၊ ခိုင်ပြည်ကျော်၊ ခိုင်ဖိုးထူး၊ မိုင်၊ ရတနာမိုင် ၊ မိုးယုစံ၊ ရီလှိုင်းပြာ၊ စောနှင်းနွယ်၊ဒိုးကလေး၊ ပန်းအိနွယ် စသည့် ဂီတအနုပညာရှင် (၂၀) ခန့်က တေးသီချင်းများစွာ သီဆိုဖျော်ဖြေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေ့လည်ပိုင်းတွင် ဒေါက်တာအေးချမ်း (သမိုင်းသုတေသီ) က "ရခိုင်သမိုင်းက ပေးအပ်သောတာဝန်" ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဟု သိရပါသည်။
" မင်းပြားမှာ အခုလိုမျိုး တေးဂီတဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားတာ ကြာနေပါပြီ။ သီတင်းကျွတ်မှာ လုပ်မလို့ Band က မအားသေးတာနဲ့ ဒီ နိုဝင်ဘာလ (၄)ရက်နေ့မှ လုပ်ဖို့ ဖြစ်သွားတာပါ။ Wall Of West (WOW) Music Band နဲ့ ဂီတအနုပညာရှင် တော်တော်များများက စေတနာ၊ မေတ္တာနဲ့ လာရောက် သီဆိုဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။ ဒီပွဲဖြစ်မြောက်ဖို့အတွက် ကျနော်တို့ Company နဲ့ ကျနော့မိတ်ဆွေ Company တွေက ပံ့ပိုးပေးကြမှာပါ။ မင်းပြားမြို့က လူငယ်တွေကိုလည်း ဝိုင်းဝန်းကူညီပေးဖို့ အကူအညီတောင်းထားပါတယ်။ " ဟု ကိုကျော်ရှိန်က ပြောသည်။
မင်းပြား - သတင်း
1 - 11 - 2015
Photo credit: Praw Pra May
0 comments:
Speak up your mind
Tell us what you're thinking... !