မင်းပြား (အောက်တိုဘာ ၂၆၊ ၂၀၁၅)
ရခိုင်ပြည်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လွန်ခဲ့သော စက်တင်ဘာလ ကတည်းက MPT အင်တာနက် ဆက်သွယ်ရေး အသုံးပြု၍မရနိုင်လောက်အောင် လွန်စွာဆိုးရွားလျှက်ရှိရာ MPT တစ်ခုတည်းကို အားကိုးနေကြရသော မင်းပြားမြို့နယ်ရှိ ပြည်သူများက MPT အား လွန်စွာစိတ်ပျက်နေကြသည်ဟု သိရပါသည်။
မင်းပြားမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုက္ကရိုဝေ့စခန်း၌ ယခုလက်ရှိတွင် ကျိန်းတောင်ပေါ်ရှိ GSM တာဝါတိုင်နှင့် သူဌေးကုန်း ကျေးရွာအနီး တာဝါတိုင် (၂)ခုသာရှိပြီး အဆိုပါတာဝါတိုင် (၂)ခုမှ E1(၈)လိုင်းကို အသုံးပြုလျှက်ရှိကာ MPT သုံးစွဲသူမျာပြားလာသည်နှင့်အမျှ အဝေးလိုင်း ကျပ်တည်းခြင်း၊ Out of Service Area မကြာခဏဖြစ်နေခြင်း၊ အင်တာနက်အမြန်နှုန်း အသုံးပြု၍မရနိုင်လောက်အောင် နှေးလွန်းခြင်း စသော ဆက်သွယ်ရေး အခက်အခဲများ ရှိနေခြင်းဖြစ်ကြောင်း မင်းပြား မိုက္ကရိုဝေ့စခန်းမှ တာဝန်ခံ ဦးထွန်းအေးကျော် ပြောကြားချက်အရ သိရသည်။
" မင်းပြားမြို့နယ်မှာ MPT အတွက် လက်ရှိ ဆက်သွယ်ရေးတာဝါတိုင် (၂)ခု ရှိပါတယ်။ သုံးစွဲသူတွေ များလာတဲ့အတွက် ဆက်သွယ်ရေး ကောင်းမွန်စေဖို့ နောက်ထပ် တာဝါတိုင် (၂)ခုကို မင်းပြားမြို့ပေါ် ပြည်တော်လှရပ်ကွက်နဲ့ သံထောင်ရပ်တွေမာ စိုက်ထူဖို့ဆောင်ရွက်နေပါတယ်။ ဒီလို ဆက်သွယ်ရေးတာဝါတိုင်တွေကို လူနေရပ်ကွက်ထဲ စိုက်ထူတာနဲ့ပတ်သက်ပြီး မိုးကြိုးပစ်ခံရနိုင်တယ်၊ တာဝါတိုင်ပြိုလဲနိုင်တယ်၊ လူတို့ရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ ရပ်ကွက်နေ ပြည်သူတစ်ချို့က ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းချက်အရ အဆင်ပြေသွားရင် မကြာခင်မှာ ဒီတာဝါတိုင် (၂)ခုကို စိုက်ထူပြီး MPT ရဲ့ ဆက်သွယ်ရေးကို လက်ရှိအခြေအနေထက် ပိုပြီး ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ " ဟု မင်းပြား မိုက္ကရိုဝေ့စခန်းမှ တာဝန်ခံ ဦးထွန်းအေးကျော်က ဆိုသည်။
" လက်ရှိအခြေအနေအရ မင်းပြားမြို့နယ်မှာ MPT သုံးစွဲသူတွေ အလွန်များပြားလာတဲ့အတွက် GSM တာဝါတိုင် (၂)ခု၊ E1 လိုင်းတွေနဲ့ အဆင်မပြေနိုင်တော့ဘူး။ ပြောရမယ်ဆိုရင် E1 လိုင်းတွေက ခေတ်မမီတော့ဘူး။ အခုဆိုရင် မြို့တော်တော်များများမှာ E1 လိုင်းတွေကို အသုံးမပြုတော့ဘဲ E1 လိုင်းအစား GBE Microwave Radio Links ပေါ်မှာ အသုံးပြုလို့ရနိုင်တဲ့ FE လိုင်းကို သုံးနေကြပါပြီ။ ဒါကြောင့် မင်းပြားမြို့နယ်မှာလည်း E1 လိုင်းအစား FE လိုင်းတွေ အဆင့်မြင့် တပ်ဆင်သင့်ပါပြီ။ မင်းပြားမြို့နယ်ရဲ့ MPT အင်တာနက် အမြန်နှုန်း နှေးကွေးတဲ့ အခြေအနေတွေနဲ့ အဝေးလိုင်းကျပ် Out of Service Area ဖြစ်နေတဲ့ အခြေအနေတွေကို ပြည်နယ်ဆက်သွယ်ရေးက တာဝန်ရှိ လူကြီးတွေသိနိုင်အောင် တင်ပြပေးထားပါတယ်။ အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောပါတယ်။ " ဟု မင်းပြား မိုက္ကရိုဝေ့စခန်းမှ ဦးထွန်းဝင်းက ဆိုပါသည်။
ရခိုင်ပြည်၊ GBE ဆက်ကြောင်းတာဝန်ခံအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ မင်းပြားမြို့ MPT ဆက်သွယ်ရေး ဆိုးရွားနေမှုကို အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း၊ အဆင့်မြင့်တင် ပြင်ဆင်ပေးနိုင်မည့် အချိန်ကာလအား သိခွင့်ရရန်အတွက် ဆက်လက်မေးမြန်းခဲ့ရာ ဖုန်းလိုင်းပြတ်တောက်သွားသည့်အတွက် မသိရှိနိုင်ခဲ့ပါ။
မင်းပြားမြို့နယ်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ MPT မှ 3G ကွန်ယက်ကို တိုးချဲ့တပ်ဆင် အသုံးပြုလျှက်ရှိကြရာ ယခုအခါ မင်းပြားမြို့နယ်ရှိ ပြည်သူအားလုံး အားထားနေကြရသော MPT ၏ အင်တာနက် အမြန်နှုန်း နှေးကွေးလာခြင်း၊ အဝေးလိုင်း ကျပ်တည်းခြင်း၊ Out of Service Area မကြာခဏ ဖြစ်နေခြင်းတို့ကို အဆင်ပြေ ကောင်းမွန်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် လိုလားလျှက် ရှိနေကြသည်။
MPT နှင့်အပြိုင် တယ်လီနော ကလည်း မင်းပြားမြို့နယ်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း 2G ကွန်ယက်ကို စတင်အသုံးပြုခွင့် ပေးလျှက်ရှိရာ လက်ရှိတွင် အင်တာနက် ဆက်သွယ်ရေး အလွန်နှေးကွေးနေသည့် MPT ကို အသုံးပြုနေကြသော မင်းပြားမြို့နယ်ရှိုပြည်သူများသည် တယ်လီနော ကို စတင် အသုံးပြုရန် စိတ်အားထက်သန်နေကြကြောင်း သိရသည်။
မင်းပြား - သတင်း
26 - 10 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !