မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ စတူပါ ကျောက်စေတီငယ် တစ်ဆူ တွေ့ရှိ - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ စတူပါ ကျောက်စေတီငယ် တစ်ဆူ တွေ့ရှိ

မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ စတူပါ ကျောက်စေတီငယ် တစ်ဆူ တွေ့ရှိ

Written By Mong Bra's News on Monday, August 31, 2015 | 6:47 AM

မင်းပြား (သြဂုတ် ၂၁၊ ၂၀၁၅)

        ရခိုင်ပြည်၊ မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ (၂၁-၈-၂၀၁၅) ရက် နေ့က စတူပါ ကျောက်စေတီငယ် တစ်ဆူတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

        မင်းပြားမြို့၌ ထူးကဲဒီရေမြင့်တက်ပြီး ရေကန်များအားလုံးလိုလို ရေဆိုးရေညစ်များ ဝင်ရောက်သွားသည့်အတွက် အဆိုပါ ရေကန်များမှ ရေဆိုးရေညစ်များကို ရေစုပ်စက်များဖြင့် စုပ်ထုတ်လျှက် ရှိကြရာ မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ မြို့မဘောလုံးကွင်းကြီးအနီးး၊ အထက(ခွဲ)လ-၁ ကျောင်းဘေး၊ ပုဏ္ဏားကန်မှ ထို စတူပါ ကျောက်စေတီငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      "ရန်ကုန်မြို့ ပရဟိတ လူငယ်ကွန်ယက်နဲ့ မင်းပြားမြို့ Public Centre (PC) တို့ ပူးပေါင်းပြီးတော့ ဒီရေကန်က ရေဆိုးရေညစ်တွေကို စုပ်ထုတ်နေတာ ဒီနေ့ (၂၁-၈-၂၀၁၅) ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်​လောက်​က ဒီ စတူပါ ကျောက်စေတီငယ်ကို ရေကန် မြေကြီးထဲက​ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်" လို့ မင်းပြားမြို့၊ ဈေးဟောင်းပိုင်း ရပ်ကွက်မှ ဦးလှမောင်သန်းက ပြောသည်။

        "ပုဏ္ဏားကန်" ဟု ခေါ်ဆိုခြင်းမှာ ရှေးရခိုင်ဘုရင်များလက်ထက်က ပုဏ္ဏားများ တူးဖော်ခဲ့သော ရေကန်ဖြစ်၍ ယနေ့ထိ ပုဏ္ဏားကန်ဟု ခေါ်တွင်နေကြောင်း အဆိုပါ ရေကန်အနီးနေထိုင်သော အသက် (၇၀)ကျော် အဘိုးအိုတစ်ဦး ပြောပြချက်အရ သိရပါသည်။

        "ဒီ ကျောက်ပစ္စည်းဟာ ဝေသာလီခေတ် စတူပါစေတီ အောက်ခြေပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီစတူပါရဲ့ အနား ဖောင်းရစ်မှာ ယေဓမ္မဟေတုပဘဝါ စာတန်းရေးထိုး ပါရှိပါတယ်။ စတူပါစေတီငယ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော် (AD- ၅ ရာစု) လောက်က ရခိုင်ပြည်၊ ဝေသာလီခေတ် ထွန်းကားစဉ် ထုဆစ်ကိုးကွယ်ခဲ့ကြပါတယ်။ ဒီ စတူပါစေတီ တွေ့ရှိတဲ့ ကျိန်းတောင်တန်းတလျှောက် ဝေသာလီခေတ်က ဗုဒ္ဓဘာသာ ကိုးကွယ်ခြင်းနဲ့ ဆက်စပ်နေတဲ့အတွက် ဒီအရပ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ လောက်က ရခိုင်လူမျိုးများ နေထိုင်ခဲ့ကြတယ်လို့ သုံးသပ်မိပါတယ်" ဟု အဆိုပါ စတူပါ စေတီငယ်ကို သွားရောက် လေ့လာခဲ့သော မင်းပြားမြို့မှ ရခိုင်သမိုင်းသုတေသီ မင်းပြား-မင်းသိန်းဇံ က ပြောပါသည်။

        ယခုတွေ့ရသော စတူပါ စေတီငယ်မှာ အလျား ၁၂ လက်မခန့် အနံ ၇ လက်မခန့် အမြင့် ၁၈ လက်မခန့် ရှိပြီး မျက်နှာပြင်တစ်ဖက် ပျက်စီးနေကာ စတူပါစေတီ အပေါ်ပိုင်းလည်း ပျက်စီးခဲ့ဟန် ရှိကြောင်း ရခိုင်သမိုင်းသုတေသီ မင်းပြား-မင်းသိန်းဇံက ဆိုသည်။

       ယခင်ကလည်း ဤကဲ့သို့ ကျိန်းတောင်တန်းမှ စတူပါ စေတီငယ် ၂ ဆူ ရရှိခဲ့ပြီး ကျိန်းတောင်တန်း သူဌေးကုန်းရွာ အနီးမှ ရရှိသော စတူပါစေတီငယ်ကို ရတနာ့ဗိမာန် ဘုန်းကြီးကျောင်းတွင် လည်းကောင်း၊ ကျိန်းတောင်တန်း အနောက်ဘက် အသည်ရွာအနီးမှ ရရှိသော စတူပါ စေတီငယ်ကို အသည်ရွာ ဘုန်းကြီးကျောင်းတွင် လည်းကောင်း သိမ်းဆည်းထားရှိသည်ဟု သိရသည်။

        ယခု တွေ့ရှိရသော စတူပါ စေတီငယ်ကို တူးဖော်တွေ့ရှိရာ "ပုဏ္ဏားကန်" ပေါ်တွင် ယာယီထားရှိကြောင်း သိရပြီး ထိုစတူပါစေတီငယ်ကို သင့်တော်ရာနေရာတစ်ခုခု၌ ထိန်းသိမ်းပြသထားနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးတယူ လာရောက် စုံစမ်းမေးမြန်းခြင်းများ မရှိသေး၍ ထိုကန်ဘောင်ပေါ်၌ပင် ရေစုပ်အလုပ်သမားများကို စောင့်ကြည့်ခိုင်းထားရကြောင်း ဈေးဟောင်းပိုင်းရပ်ကွက်မှ ဦးလှမောင်သန်း က ဆိုပါသည်။

မင်းပြား - သတင်း
   21 - 8 - 2015

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger