မင်းပြားမြို့ လေးမြို့မြစ်ကမ်းပါး ပြိုမှုကြောင့် အိမ်ထောင်စု (၆၀)ခန့် နေထိုင်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရ - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့ လေးမြို့မြစ်ကမ်းပါး ပြိုမှုကြောင့် အိမ်ထောင်စု (၆၀)ခန့် နေထိုင်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရ

မင်းပြားမြို့ လေးမြို့မြစ်ကမ်းပါး ပြိုမှုကြောင့် အိမ်ထောင်စု (၆၀)ခန့် နေထိုင်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရ

Written By Mong Bra's News on Monday, August 31, 2015 | 6:45 AM

မင်းပြား (သြဂုတ် ၂၅ ၂၀၁၅)

ရခိုင်ပြည် မင်းပြားမြို့၌ ၂၀၁၅ ဇူလိုင်လ နောက်ဆုံးအပတ်မှစ၍ မိုးသည်းထန်စွာရွာ ထူးကဲဒီရေမြင့်တက်ပြီးနောက်ပိုင်း လေးမြို့မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ဆက်တိုက်ပြိုကျလျှက်ရှိရာ  မင်းပြားမြို့ပေါ်ရှိ အိမ်ထောင်စု (၆၀)ခန့်မှာ နေထိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

ထူးကဲဒီရေ မြင့်တက် ပြန်ကျပြီးနောက်ပိုင်း လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်မှ အိမ်ခြေ (၂၅) ဆောင်နှင့် အောက်ရွာပိုင်းရပ်ကွက်မှ အိမ်ခြေ (၃၃) ဆောင်ရှိ အိမ်ထောင်စုများမှာ နေထိုင်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်ဟု သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့ အောက်ရွာပိုင်းရပ်ကွက်က နှစ်စဉ် မြစ်ရေတိုက်စားမှုဒဏ်ကို ခံစားနေကြရပါတယ်။ ဒီနှစ် မြစ်ရေတိုက်စားမှုကြောင့် ဒီနေ့ထိ အောက်ရွာပိုင်းရပ်ကွက်မှာ အိမ်ခြေ (၃၃) ဆောင်ကို ဖြိုဖျက်ခဲ့ရပါတယ်။  မြစ်ကမ်းပါးပြိုကျမှုဒဏ်ကို ခံစားနေရတဲ့ အိမ်ထောင်စုတွေဟာ အခုအချိန်ထိ နေစရာမရှိတဲ့အတွက် သူများအိမ်တွေမှာ ကပ်ခို နေကြရပါတယ်။ ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ပြုလုပ်တဲ့ မြို့နယ်အစည်းအဝေးမှာ ကျနော် ဒီမြစ်ကမ်းပြို ပြန်လည်နေရာချထားရေးကိစ္စကို တင်ပြထားပါတယ်။ အဲဒီကိစ္စကို အစည်းအဝေး ဆုံးဖြတ်ချက်အရ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘာမှ မလုပ်ပေးနိုင်သေးလို့ သူတို့တွေ နေစရာ အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။" ဟု မင်းပြားမြို့ အောက်ရွာပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမောင်က ပြောသည်။

အလယ်ပိုင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသာစိန်ထွန်းကလည်း "ကျွန်တော်တို့ အလယ်ပိုင်းရပ်ကွက် ဦးစိုးတင့်မှာ ဆိုရင် မိုးတွင်းကာလ နှစ်စဉ် မြစ်ကမ်းပါးပြိုကျတဲ့အတွက် လူနေအိမ်တွေ မြစ်ထဲပါသွားတာ ရေတွက်လို့ မရတော့ဘူး။ အခု ဒီနှစ် ကမ်းပါးပြိုကျမှုကြောင့် ဦးစိုးတင့်ရပ်ကွက်မှာ အိမ်ခြေ (၂၅)ဆောင်က အိမ်ထောင်စုဝင်တွေဟာ နေထိုင် ခိုလှုံစရာ အခက်အခဲတွေ ရှိနေပါတယ်။ အချို့အိမ်တွေက လုံးဝဖြိုဖျက်လိုက်ရပြီးတော့  အချို့အိမ်တွေကိုတွေကိုတော့  ကျန်ရှိတဲ့နေရာလေးမှာ မြစ်ကမ်းနားနဲ့ကပ်ပြီး ယာယီဆောက်လုပ်ကာ ဖြစ်သလို နေကြရပါတယ်။" ဟု ပြောသည်။

"ကျွန်တော်က ဦးစိုးတင့်ရပ်ကွက်မှာ ကြီးပြင်းလာသူဆိုတော့ မိုးရာသီအချိန် ဒီလေးမြို့မြစ်ရေက ဦးစိုးတင့်ရပ်ကွက်ကို နှစ်စဉ် တိုက်စားနေတာကို နှစ် (၄၀) နီးပါး ကြုံတွေ့ခံစားခဲ့ပြီးပါပြီ။ ဒီမြစ်ရေတိုက်စားလို့ မြစ်ကမ်းပါးပြိုကျတဲ့အထဲ ပါသွားတဲ့ အိမ်ခြေတွေလည်း မရေတွက်နိုင်တော့ဘူး။ အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့ ပြည်သူတွေကို ဘယ်သူမှ လာပြီး ပြန်လည်ပြီး မြေနေရာ ချထားပေးတာ မရှိဖူးသေးပါဘူး။ အိမ်ယာမဲ့သွားတဲ့ အိမ်ထောင်စုတွေသာ တိုးတိုးလာပါတယ်။ အခု ဝင်းကမ္ဘာ ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေတဲ့ ကမ်းထိန်းနံရံကလည်း မြစ်ကမ်းပြိုမှုကို ဘာအာမခံချက်မှ မပေးနိုင်ဘူး။ ဒီအတိုင်းသာ ဆက်သွားနေရမယ်ဆိုရင် နိုင်ငံတော်ဘက်ဂျက်ငွေတွေကို လေးမြို့မြစ်ထဲသို့ သွန်ပစ်လိုက်တာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ မင်းပြားမြို့ကမ်းပါးကို လေးမြို့မြစ်ရေ တိုက်စားမှုဒဏ်ကို ကာကွယ် အာမခံချက်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်။" ဟု ဦးသာစိန်ထွန်းက ဆက်ပြောသည်။

ယခုနှစ် မိုးရာသီ မင်းပြားမြို့ပေါ်တွင် လက်ရှိ အိမ်ခြေ (၆၀)ခန့် မြစ်ကမ်းပြိုထဲ ပါသွားပြီး နောက်ထပ် အိမ်ခြေ (၂၀) ခန့် မြစ်ကမ်းပြိုကျမှုကြောင့် ဖြိုဖျက်နိုင်ဖွယ်ရှိသည်ဟု သိရသည်။ ထို့ပြင် မင်းပြားမြို့နယ် ကျေးရွာအချို့တွင်လည်း မြစ်ကမ်းပြိုမှု ဆက်တိုက်ဖြစ်နေသည်ဟု သိရသည်။

မင်းပြားမြို့နယ် ရေးဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို SKY NET ရုပ်သံမီဒီယာ "ရွှေသံလွင်" ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု သိရသည်။

သို့သော်လည်း မြစ်ကမ်းပြို ဒုက္ခသည်များအား ပြန်လည်ထူထောင်ရေးလုပ်ငန်း မစတင်နိုင်သေးသည့်အတွက် အဆိုပါလအိမ်ထောင်စု (၆၀)ခန့်တို့မှ လူဦးရေ (၃၀၀) နီးပါး နေထိုင်စရာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

လေးမြို့မြစ်ရေသည် မင်းပြားမြို့အား ရှေးယခင်ကတည်းကပင် တိုက်စားလာခဲ့ရာ မြို့ထက်ဝက်ခန့်သည် လေးမြို့မြစ်ထဲသို့ ပြိုကျနစ်မြုပ်သွားခဲ့ပြီး ဖြစ်ပါသည်။

သဘာဝအတိုင်း လေးမြို့မြစ်သည် မင်းပြားမြို့အား တိုက်စားမြဲ တိုက်စားနေအုံးမည်ဖြစ်ကာ မင်းပြားမြို့သူ/သားများနှင့် သက်ဆိုင်ရာ တာဝန်ရှိလူကြီးများ အသုံးကျမှသာလျှင် မင်းပြားမြို့ မြစ်ကမ်းပါးပြိုမှုဒဏ်ကို ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။

မင်းပြား - သတင်း
  25 - 8 - 2015်

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger