မြေပုံ-မင်းပြား ကားလမ်းပေါ်ရှိ ကြပ်စင်တံတား တည်ဆောက်ပြီးစီးရန် အချိန်ကြာမြင့်မည်ဟု သိရ - မင်းပြား - သတင်း
Headlines News :
Home » » မြေပုံ-မင်းပြား ကားလမ်းပေါ်ရှိ ကြပ်စင်တံတား တည်ဆောက်ပြီးစီးရန် အချိန်ကြာမြင့်မည်ဟု သိရ

မြေပုံ-မင်းပြား ကားလမ်းပေါ်ရှိ ကြပ်စင်တံတား တည်ဆောက်ပြီးစီးရန် အချိန်ကြာမြင့်မည်ဟု သိရ

Written By Mong Bra's News on Tuesday, January 12, 2016 | 3:07 PM

မင်းပြား (Jan 13, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မြေပုံ-မင်းပြား ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၂၂/၄) နှင့် (၂၃/၁) အကြား ကြပ်စင်မြစ်ကို ဖြတ်ကူးတည်ဆောက်လျှက်ရှိသည့် ကြပ်စင်တံတားမှာ ပြီးစီးရန် အချိန်ကြာမြင့်မည်ဟု သိရသည်။

အဆိုပါ ကြပ်စင်မြစ်သည် မြေပုံ-မင်းပြား ကားလမ်းပေါ်ရှိ အဓိက အဟန့်အတားတစ်ခု ဖြစ်နေရာ မြေပုံမြို့၏ ခရီးသည်များ လွယ်ကူချောမွေ့စွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နဝမအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၌ တင်ပြတောင်းဆိုခဲ့ရာ ပြည်ထောင်စုအစိုးရမှတစ်ဆင့် ရခိုင်ပြည်အစိုးရအဖွဲ့ ရံပုံငွေမှအသုံးပြုရန် လမ်းညွှန်မှုကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်အစိုးရ ရံပုံငွေ (၄၉၅ ကျပ်သန်း) ဖြင့် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုနှစ် (၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်)အတွက် ပြည်နယ်အစိုးရ ရံပုံငွေ (၉၃၈ ကျပ်သန်း) ဖြင့် ဆက်လက် တည်ဆောက်လျှက်ရှိနေပြီး ဘဏ္ဍာနှစ် (၂)နှစ်အတွင်းရရှိသည့် ပြည်နယ်အစိုးရ ရံပုံငွေဖြင့် မင်းပြားမြို့ကမ်းဘက်ရှိ ချည်းကပ်တံတား၊ ဖောင်ဒေးရှင်းနှင့် တံတားတိုင်များသာ ပြီးစီးနိုင်မည်ဟု အဆိုပါ ကြပ်စင်တံတားအား တာဝန်ယူ တည်ဆောက်နေသော တံတားအထူးအဖွဲ့ (၈)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းက ဆိုသည်။

" ဒီ ကြပ်စင်တံတားကို ကျွန်တော်တို့ တံတားအထူးအဖွဲ့ (၈)က တာဝန်ယူတည်ဆောက်နေတာပါ။ ဒီတံတားကို ဆက်လက်တည်ဆောက်နိုင်ဖို့ လာမယ့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် (ကျပ်သန်း ၅၀၀) ပြည်နယ်အစိုးရဆီကို တင်ပြတောင်းခံထားပါတယ်။ ခွင့်ပြုငွေ များများချပေးနိုင်ရင် ကျွန်တော်တို့ကလည်း အချိန်တိုအတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ပါတယ်။ ခွင့်ပြုငွေ များများချပေးဖို့က ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုပေးချက်အပေါ် မူတည်ပါတယ်။ " ဟု ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းက ဆက်ပြောသည်။

ကြပ်စင်တံတားသည် အရှည် (၁၉၂၀ ပေ) ရှိပြီး ယာဉ်သွားလမ်းအကျယ် (၂၄ ပေ)၊ လူသွားလမ်း တစ်ဖက်လျှင် (၃ ပေ)စီ ကျယ်ကာ သံကူကွန်ကရိ တံတားအမျိုးအစားဖြစ်သည်။ ရေလမ်းကင်းလွတ်အကျယ် (၁၀၈)ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၃၉ ပေ ၄ လက္မ)၊ တံတားခံနိုင်ဝန် (၆၀ တန်) ရှိကာ စီမံကိန်းတန်ဖိုးအားဖြင့် ခန့်မှန်း (၁၀၄၀၀ ကျပ်သန်း) ကုန်ကျမည်ဟု သိရသည်။

ယခု အချိန်ထိ ဘဏ္ဍာနှစ် (၂)နှစ် ခွင့်ပြုငွေဖြင့် ဆောက်လုပ်ပြီးစီးမှုမှာ (၁၈%) သာ ရှိသေးပြီး ကျန်လုပ်ငန်းများ အလျင်အမြန် ဆောက်လုပ်ပြီးစီးနိုင်ရန်မှာ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေပေါ်တွင် မူတည်နေသည်။

" ကျွန်တော်တို့ မြေပုံမြို့နယ်ဟာ ရခိုင်ပြည်မှာ လမ်းပန်းဆက်သွယ်ရေး အင်မတန် ခက်ခဲတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အရင်က ပြေးဆွဲနေကြ ရေကြောင်း သင်္ဘောတွေ၊ ရှပ်ပြေးသင်္ဘောတွေဟာလည်း မြေပုံမြို့ကို မဆိုက်တော့ဘူး။ မြေပုံကနေ စစ်တွေကို သွားမယ်ဆိုရင် ညည့် ၂ နာရီလောက်ကနေ အိပ်ယာကထပြီး မော်တော်ကားနဲ့ ဒီကြပ်စင်တံတားအထိ သွားရတယ်။ အဲဒီကမှတစ်ဆင့် ရှပ်ပြေးနဲ့ သွားရတယ်။ အချိန်ကုန်တယ်။ ငွေကုန်တယ်။ လူပင်ပန်းတယ်။ မြေပုံမြို့ရဲ့ အဓိက ထွက်ပေါက်ဆိုလို့ မြေပုံ - မင်းပြား ကားလမ်းတစ်ခုပဲရှိတာပါ။ အခုခေတ်မှာ တံတားတစ်စင်းကို အလွန်ဆုံး ၃ နှစ်ပေါ့။ အဲဒီထက် အချိန်အကြာကြီး မဆွဲသင့်ဘူး။ အချိန်ကြန့်ကြာနေရင် ဒေသဖွံ့ဖြိုးမှု နှေးကွေးမယ်။ ဒါကြောင့် ဒီကားလမ်းပေါ်မှာ တည်ရှိတဲ့ ဒီကြပ်စင်တံတားကို အမြန်ဆုံး တည်ဆောက်ပြီးစီးနိုင်အောင် အစိုးရအသစ် လက်ထက်မှာ တင်ပြတောင်းဆိုသွားပါမယ်။ " ဟု မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကဆိုသည်။

နိုင်ငံတော်၏ ဝင်ငွေများကို ရခိုင်ပြည်ရှိ သဘာဝ သယံဇာတများမှ အများဆုံး ရယူပေးလျှက်ရှိနေသော်လည်း ဘဏ္ဍာနှစ်တစ်နှစ်စီအတွက် ရခိုင်ပြည် အစိုးရအဖွဲ့ ရရှိသော ရံပုံငွေမှာ အလွန်ပင်နည်းပါးသည့်အတွက် ရခိုင်ပြည်အတွင်း မြို့နယ်များဖွံ့ဖြိုးတိုးတက်​​ရေး အတွက် အသုံးပြုရန် ဘက်ဂျက်ခွဲဝေမှုမှာ ဤကဲ့သို့ နည်းပါးနေရခြင်း ဖြစ်သည်ဟု သိရသည်။

မင်းပြား - သတင်း
13 - 1 - 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger