မင်းပြားမြို့ပေါ်၌ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန် စည်ပင်ကော်မတီမှ ဆောင်ရွက်လျှက်ရှိ - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့ပေါ်၌ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန် စည်ပင်ကော်မတီမှ ဆောင်ရွက်လျှက်ရှိ

မင်းပြားမြို့ပေါ်၌ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန် စည်ပင်ကော်မတီမှ ဆောင်ရွက်လျှက်ရှိ

Written By Mong Bra's News on Thursday, March 3, 2016 | 12:05 AM

မင်းပြား (March 3, 2016)
ယခုနှစ် နွေရာသီ အပူဒဏ်ကြောင့် သောက်သုံးရေ ရှားပါးမှုများ ရင်ဆိုင်ရဖွယ်ရှိရာ မင်းပြားမြို့ပေါ်ရှိ ပြည်သူများ နွေရာသီ သောက်သုံးရေ ရှားပါးမှု အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် မင်းပြားမြို့၊ စည်ပင်ကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မင်းပြားမြို့ပေါ်ရှိ လက်ရှိ သောက်သုံးရေကန်များမှာ မကြာမီ အချိန်အတွင်း ရေများခန်းခြောက်နိုင်ဖွယ်ရှိပြီး ရေကန်များ ရေခန်းခြောက်ခဲ့ပါက မင်းပြားမြို့ပေါ် ရပ်ကွက် (၈)ရပ်ကွက်ရှိ ပြည်သူ (၂၀၀၀၀) ကျော်အတွက် နွေရာသီ ရေအခက်အခဲကို ဖြေရှင်းပေးနိုင်ရန် ရပ်ကွက် လူဦးရေအလိုက် အုတ်ရေလှောင်ကန်များ တည်ဆောက်ပေးကာ ရေတင်ကားများဖြင့် စနစ်တကျ ရေဖြန့်ဖြူးနိုင်ရန်အတွက် အသေးစိတ်တွက်ချက် တင်ပြသွားရန် စီစဉ်ထားကြောင်း သိရသည်။
မင်းပြားမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း က "ဒီနှစ် နွေရာသီ မင်းပြားမြို့ပေါ်နေ ပြည်သူ (၂)သောင်းကျော်ရဲ့ သောက်သုံးရေ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ စည်ပင်ကော်မတီနဲ့ စည်ပင်သာယာရေးအဖွဲ့က ကြိုတင် စီစဉ်နေပါတယ်။ နွေရာသီ မြို့ပေါ်မှာရှိတဲ့ ရေကန်တွေ ရေခန်းခြောက်သွားခဲ့ရင် မင်းပြားမြို့က (၁၀)မိုင်လောက် ဝေးကွာတဲ့ မြောင်းရှည် ဆည်က ရေကို ရေတင်ကားတွေနဲ့ တင်ပြီး မြို့ပေါ် ရပ်ကွက် (၈) ခုကို ရေဖြန့်ဝေဖို့ စီစဉ်ထားပါတယ်။ ဒီလို ရေဖြန့်ဝေတဲ့အခါ ရေသိုလှောင်နိုင်ဖို့ အုတ်ရေလှောင်ကန်တွေ လိုအပ်ပါတယ်။ နောက်ပြီး ရေသယ်ယာဉ်တွေ၊ ရေစုတ်စက်တွေ၊ ပိုက်တွေ၊ ဒီဇယ်ဆီတွေ၊ အလုပ်သမား အင်အားတွေ လိုအပ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ အသေးစိတ် တွက်ချက်ထားပြီးပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလ (၄)ရက်နေ့မှာ ရခိုင်ပြည် စည်ပင်ညွှန်မှူးနဲ့ ကျွန်တော်တို့ တွေ့ဆုံ တင်ပြနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပြီးရင် ဒီလအတွင်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။" ဟု ဆိုသည်။
လက်ရှိတွင် မင်းပြားမြို့ပေါ် ရပ်ကွက် (၈)ရပ်ကွက်၌ အုတ်ရေလှောင်ကန် (၈)ကန် ရှိပြီး လူဦးရေ (၂၀၀၀၀) ကျော်၏ တစ်နေ့တာ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေဂါလံ(၁၂၀၀) ဆန့် အုတ်ရေလှောင်ကန် (၄၁)ကန် ထပ်မံလိုအပ်မည်ကာ အဆိုပါ အုတ်ရေလှောင်ကန်များ ရရှိရေးနှင့် ခန့်မှန်းခြေ ကုန်ကျစရိတ်ငွေများကို တွက်ချက်ကာ တင်ပြတောင်းခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးခင်ဇော်ဝင်း ပြောကြားချက်အရ သိရသည်။
မင်းပြားမြို့ပေါ်ရှိ သောက်သုံးရေကန် အချို့တွင် ယခုအခါ၌ မော်တာစက်ဖြင့် ရေစုတ်ယူခြင်း၊ တွန်းလှည်းများဖြင့် ရေသယ်ယူခြင်း၊ ရေကန်အနီး ရေချိုး၊ အဝတ်လျှော်ခြင်း စသည့် စည်းကမ်းမဲ့ ရေသုံးစွဲမှုများရှိ​နေ​သောကြောင့်  ရပ်ကွက်အလိုက် ရေကန်ထိန်းသိမ်းရေး ကော်မတီများ အနေဖြင့် သက်ဆိုင်ရာ ရေကန်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာပြီ ဖြစ်သည်။
မင်းပြားမြို့ပေါ်ရှိ သောက်ရေကန်ကြီးဖြစ်သည့် မင်းကန်နှင့် ဟင်္သာကန်မှ ရေကို နံနက် (၆)နာရီမှ (၁၀)နာရီထိလည်းကောင်း၊ ညနေ (၃)နာရီမှ (၇)နာရီထိလည်းကောင်း သတ်မှတ်ချိန်အတွင်း၌သာ ရေခတ်ရန်၊ မော်တာရေစုတ်စက်ဖြင့် ရေစုတ်ယူခြင်းမပြုလုပ်ကြရန်၊ ရေကန်အနီး၌ ရေချိုး၊ အဝတ်လျှော်ခြင်း မပြုလုပ်ကြရန်နှင့် တားမြစ်ချက်များကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နွေရာသီ ရေအခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်​ကူညီ ဆောင်ရွက်စေလိုကြောင်း မင်းပြားမြို့နယ် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြော်ငြာထားသည်။
မင်းပြား - သတင်း
03 - 03 - 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger