မင်းပြား (နိုဝင်ဘာ ၄၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တောင်ပိုင်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မင်းပြားမြို့သား ဒေါက်တာစံရွှေအောင်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး အင်အားပြလှုပ်ရှားမှုတစ်ရပ်ကို (၄-၁၁-၂၀၁၅) ရက်နေ့က မင်းပြားမြို့၌ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
ဒေါက်တာစံရွှေအောင်၏ အောင်နိုင်ရေး အင်အားပြလူထု (၂၀၀၀)ခန့်သည် နံနက် (၉)နာရီ အချိန်ခန့်တွင် မင်းပြားမြို့၊ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းမှ စတင်ပြီး မြို့ပတ်လမ်းလျှောက် အင်အားပြကာ "ဂန္ဓဝေ" ပန်းခြံတွင် အဆုံးသတ်ခဲ့သည်ဟု သိရသည်။
ထို့နောက် နံနက် (၁၁) နာရီခန့်မှ စတင်ကာ ထိုပန်းခြံရှိ "ကမ္ဗည်းထုဆစ်ရခိုင်သမိုင်းသစ်" တေးဂီတဖျော်ဖြေကြီး စင်မြင့်ပေါ်တွင် သမိုင်းသုတေသီ ဒေါက်တာ အေးချမ်းနှင့် ဒေါက်တာ စံရွှေအောင်တို့က အမှာစကားများ ပြောကြားခဲ့ကြပြီး နာမည်ကြီး ဂီတအနုပညာရှင်များ (၂၀)ကျော်က တေးသီချင်းများစွာဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။
ထိုအခမ်းအနားတွင် သမိုင်းသုတေသီ ဒေါက်တာအေးချမ်းက တိုင်းရင်းသားများ၏ လူ့အဖွဲ့အစည်းအတွက် မလိုလားအပ်သော ယဉ်ကျေးမှုများ ဝင်ရောက်လာခြင်းသည် အဆိပ်အတောက်ဖြစ်နိုင်ကြောင်း၊ လက်ရှိအနေအထားမှာ ရခိုင်လူ့အဖွဲ့အစည်းသည် နိုင်ငံတကာနှင့် ပြည်တွင်းမှာ အခြိမ်းခြောက် ခံနေရသည့်အတွက် သစ္စာတရားကို အခြေပြုလျှက် တွန်းလှန်ရန်လိုအပ်ကြောင်း၊ ရခိုင်တို့၏ သမိုင်းအသစ်ကို ရခိုင်လူမျိုးများကသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့ကို အဓိကထား ပြောကြားခဲ့သည်ဟု သိရသည်။
ဒေါက်တာစံရွှေအောင်ကလည်း "ရခိုင်တို့၏ သမိုင်အသစ်ကို ရခိုင်လူမျိုးတို့ကပဲ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့သမိုင်းသစ်ကို မိမိတို့လုပ်နိုင်ကြောင်း၊ လုပ်သည့်နေရာတွင် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ကြောင်း၊ ရခိုင်ပြည်ရှိ ရခိုင်လူမျိုးများအားလုံး၊ မြန်မာနိုင်ငံရှိ ရခိုင်လူမျိုးများအားလုံး၊ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ ရခိုင်လူမျိုးများအားလုံးက မဆုတ်မနစ်သော စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခေါင်းဆောင်များ၏ နောက်ကို ယုံကြည်စွာဖြင့် အမျိုးကိုချစ်သည့်စိတ်ဓာတ်နှင့် အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် တိုးတက်သည့်နိုင်ငံတိုင်းသည် အလွန်စည်းလုံးကြကြောင်း၊ အမျိုးကိုလည်း အလွန်ချစ်ကြပြီး အနာဂတ်ကိုတိုးတက်အောင် လုပ်မည်ဆိုသည့် စိတ်ဓာတ်ရှိကြကြောင်း၊ တိုးတက်အောင်လုပ်သည့်နိုင်ငံတိုင်း မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်လူမျိုးကို မျက်ကန်းမျိုးချစ်ပြီး ဒုက္ခရောက်အောင် မလုပ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်မှစပြီး ရခိုင်တစ်ပြည်လုံး မိမိတို့၏ခွန်အား မိမိတို့၏ တတ်သိပညာအားများနှင့် အားလုံးပူးပေါင်းဆောင်ရွက်ပြီး မိမိတို့ ရခိုင်လူမျိုး၏အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ထုဆစ်ကြပါဟု တိုက်တွန်းပြောကြားခဲ့ကြောင်း" သိရသည်။
အဆိုပါ အခမ်းအနားသို့ လာရောက်ကြည့်ရှု နားထောင်သူ (၅၀၀၀) ကျော်ခန့် ရှိခဲ့ကာ တေးဂီတဖျော်ဖြေပွဲလည်း အလွန်စည်ကားခဲ့ပြီး ညနေ (၅) နာရီကျော်မှ ပြီးဆုံးခဲ့သည်ဟု သိရသည်။
ထိုအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့သော သမိုင်းသုတေသီ ဒေါက်တာ အေးချမ်းသည် (၅-၁၁-၂၀၁၅) ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် မင်းပြားမြို့၊ ရာမောင်ခန်းမ၌ မင်းပြားမြို့သူ/သားများနှင့် တွေ့ဆုံဆွေးနွေးကာ စာပေဟောပြောပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
မင်းပြား - သတင်း
4 - 11 - 2015