January 2016 - မင်းပြား - သတင်း
Headlines News :

မြေပုံ-မင်းပြား ကားလမ်းပေါ်ရှိ ကြပ်စင်တံတား တည်ဆောက်ပြီးစီးရန် အချိန်ကြာမြင့်မည်ဟု သိရ

Written By Mong Bra's News on Tuesday, January 12, 2016 | 3:07 PM

မင်းပြား (Jan 13, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မြေပုံ-မင်းပြား ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၂၂/၄) နှင့် (၂၃/၁) အကြား ကြပ်စင်မြစ်ကို ဖြတ်ကူးတည်ဆောက်လျှက်ရှိသည့် ကြပ်စင်တံတားမှာ ပြီးစီးရန် အချိန်ကြာမြင့်မည်ဟု သိရသည်။

အဆိုပါ ကြပ်စင်မြစ်သည် မြေပုံ-မင်းပြား ကားလမ်းပေါ်ရှိ အဓိက အဟန့်အတားတစ်ခု ဖြစ်နေရာ မြေပုံမြို့၏ ခရီးသည်များ လွယ်ကူချောမွေ့စွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နဝမအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၌ တင်ပြတောင်းဆိုခဲ့ရာ ပြည်ထောင်စုအစိုးရမှတစ်ဆင့် ရခိုင်ပြည်အစိုးရအဖွဲ့ ရံပုံငွေမှအသုံးပြုရန် လမ်းညွှန်မှုကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်အစိုးရ ရံပုံငွေ (၄၉၅ ကျပ်သန်း) ဖြင့် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုနှစ် (၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်)အတွက် ပြည်နယ်အစိုးရ ရံပုံငွေ (၉၃၈ ကျပ်သန်း) ဖြင့် ဆက်လက် တည်ဆောက်လျှက်ရှိနေပြီး ဘဏ္ဍာနှစ် (၂)နှစ်အတွင်းရရှိသည့် ပြည်နယ်အစိုးရ ရံပုံငွေဖြင့် မင်းပြားမြို့ကမ်းဘက်ရှိ ချည်းကပ်တံတား၊ ဖောင်ဒေးရှင်းနှင့် တံတားတိုင်များသာ ပြီးစီးနိုင်မည်ဟု အဆိုပါ ကြပ်စင်တံတားအား တာဝန်ယူ တည်ဆောက်နေသော တံတားအထူးအဖွဲ့ (၈)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းက ဆိုသည်။

" ဒီ ကြပ်စင်တံတားကို ကျွန်တော်တို့ တံတားအထူးအဖွဲ့ (၈)က တာဝန်ယူတည်ဆောက်နေတာပါ။ ဒီတံတားကို ဆက်လက်တည်ဆောက်နိုင်ဖို့ လာမယ့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် (ကျပ်သန်း ၅၀၀) ပြည်နယ်အစိုးရဆီကို တင်ပြတောင်းခံထားပါတယ်။ ခွင့်ပြုငွေ များများချပေးနိုင်ရင် ကျွန်တော်တို့ကလည်း အချိန်တိုအတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ပါတယ်။ ခွင့်ပြုငွေ များများချပေးဖို့က ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုပေးချက်အပေါ် မူတည်ပါတယ်။ " ဟု ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းက ဆက်ပြောသည်။

ကြပ်စင်တံတားသည် အရှည် (၁၉၂၀ ပေ) ရှိပြီး ယာဉ်သွားလမ်းအကျယ် (၂၄ ပေ)၊ လူသွားလမ်း တစ်ဖက်လျှင် (၃ ပေ)စီ ကျယ်ကာ သံကူကွန်ကရိ တံတားအမျိုးအစားဖြစ်သည်။ ရေလမ်းကင်းလွတ်အကျယ် (၁၀၈)ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၃၉ ပေ ၄ လက္မ)၊ တံတားခံနိုင်ဝန် (၆၀ တန်) ရှိကာ စီမံကိန်းတန်ဖိုးအားဖြင့် ခန့်မှန်း (၁၀၄၀၀ ကျပ်သန်း) ကုန်ကျမည်ဟု သိရသည်။

ယခု အချိန်ထိ ဘဏ္ဍာနှစ် (၂)နှစ် ခွင့်ပြုငွေဖြင့် ဆောက်လုပ်ပြီးစီးမှုမှာ (၁၈%) သာ ရှိသေးပြီး ကျန်လုပ်ငန်းများ အလျင်အမြန် ဆောက်လုပ်ပြီးစီးနိုင်ရန်မှာ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေပေါ်တွင် မူတည်နေသည်။

" ကျွန်တော်တို့ မြေပုံမြို့နယ်ဟာ ရခိုင်ပြည်မှာ လမ်းပန်းဆက်သွယ်ရေး အင်မတန် ခက်ခဲတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အရင်က ပြေးဆွဲနေကြ ရေကြောင်း သင်္ဘောတွေ၊ ရှပ်ပြေးသင်္ဘောတွေဟာလည်း မြေပုံမြို့ကို မဆိုက်တော့ဘူး။ မြေပုံကနေ စစ်တွေကို သွားမယ်ဆိုရင် ညည့် ၂ နာရီလောက်ကနေ အိပ်ယာကထပြီး မော်တော်ကားနဲ့ ဒီကြပ်စင်တံတားအထိ သွားရတယ်။ အဲဒီကမှတစ်ဆင့် ရှပ်ပြေးနဲ့ သွားရတယ်။ အချိန်ကုန်တယ်။ ငွေကုန်တယ်။ လူပင်ပန်းတယ်။ မြေပုံမြို့ရဲ့ အဓိက ထွက်ပေါက်ဆိုလို့ မြေပုံ - မင်းပြား ကားလမ်းတစ်ခုပဲရှိတာပါ။ အခုခေတ်မှာ တံတားတစ်စင်းကို အလွန်ဆုံး ၃ နှစ်ပေါ့။ အဲဒီထက် အချိန်အကြာကြီး မဆွဲသင့်ဘူး။ အချိန်ကြန့်ကြာနေရင် ဒေသဖွံ့ဖြိုးမှု နှေးကွေးမယ်။ ဒါကြောင့် ဒီကားလမ်းပေါ်မှာ တည်ရှိတဲ့ ဒီကြပ်စင်တံတားကို အမြန်ဆုံး တည်ဆောက်ပြီးစီးနိုင်အောင် အစိုးရအသစ် လက်ထက်မှာ တင်ပြတောင်းဆိုသွားပါမယ်။ " ဟု မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကဆိုသည်။

နိုင်ငံတော်၏ ဝင်ငွေများကို ရခိုင်ပြည်ရှိ သဘာဝ သယံဇာတများမှ အများဆုံး ရယူပေးလျှက်ရှိနေသော်လည်း ဘဏ္ဍာနှစ်တစ်နှစ်စီအတွက် ရခိုင်ပြည် အစိုးရအဖွဲ့ ရရှိသော ရံပုံငွေမှာ အလွန်ပင်နည်းပါးသည့်အတွက် ရခိုင်ပြည်အတွင်း မြို့နယ်များဖွံ့ဖြိုးတိုးတက်​​ရေး အတွက် အသုံးပြုရန် ဘက်ဂျက်ခွဲဝေမှုမှာ ဤကဲ့သို့ နည်းပါးနေရခြင်း ဖြစ်သည်ဟု သိရသည်။

မင်းပြား - သတင်း
13 - 1 - 2016

မင်းပြား - မြေပုံ ကားလမ်းရှိ ကြပ်စင်မြစ်ကို ဖြတ်ကူးနိုင်ရန် ဇက်ကူးတို့ ဖွင့်လှစ်

Written By Mong Bra's News on Monday, January 11, 2016 | 1:33 AM

မင်းပြား (Jan 7, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၌ မင်းပြား - မြေပုံ ကားလမ်းပေါ်တွင်ရှိသည့် ကြပ်စင်မြစ်ကို မော်တော်ကားများ ဖြတ်ကူးနိုင်ရန် ဇက်ကူးတို့ ဖွင့်ပွဲကို (၇-၁-၂၀၁၆) ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ ဇက်ကူးတို့ဖွင့်ပွဲ အခမ်းအနားသို့ လက်ရှိ ရခိုင်ပြည်ဝန်ကြီးချုပ် ဦးမြအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး အဆိုပါဖွင့်ပွဲသို့ ဌာနဆိုင်ရာ လူကြီးများ၊ မြို့သူ/သားများနှင့် အနီးအနား ကျေးရွာများမှ ရွာသူ/သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလ မင်းပြားမြို့သို့ ရောက်ရှိလာခိုက် မင်းပြားမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊  အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် အဆိုပါ မင်းပြား - မြေပုံ ကားလမ်းပေါ်တွင်ရှိသည့် ကြပ်စင်မြစ်ကို ဖြတ်ကူးနိုင်ရန် တံတားတစ်စင်း မတည်ဆောက်မီ မော်တော်ကားများ အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရန် အတွက် မင်းပြားမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် စည်ပင်ကော်မတီတို့မှ တာဝန်ရှိသူများက ဇက်ကူးတို့ စီစဉ်ပေးနိုင်ပါရန် တင်ပြတောင်းဆိုခဲ့ရာ ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်က နှုတ်ကတိအားဖြင့် ခွင့်ပြုခဲ့ကာ ယခုနှစ်မှ ကြပ်စင်မြစ်ကူး ဇက်ကူးတို့ကို အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောသည်။

ယခုအခါ မင်းပြား - မြေပုံ ကားလမ်းပေါ်တွင် ရှိသည့် ကြပ်စင်မြစ်ကူးတံတားကို စတင်တည်ဆောက်လျှက်ရှိကာ တံတားမပြီးစီးမီကာလအတွင်း မင်းပြား - မြေပုံ ခရီးစဉ်ကို မော်တော်ကားဖြင့် သွားလိုသူများ အနေဖြင့် ဇက်ကူးတို့ဖြင့် ဖြတ်သန်းသွားနိုင်မည် ဖြစ်သည်။

မင်းပြား - သတင်း
  7 - 1 - 2016
Photos credit: Yay Khar

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger