မင်းပြား (March 17, 2016)
စာရေးဆရာ ရခိုင်သမိုင်းသုတေသီ မင်းပြား မင်းသိန်းဇံ ရေးသားသည့် ရခိုင်ရိုးရာဝတ္ထု (Arakanese Folk Tales) ရွှေလက်ဆောင် စာအုပ်သစ် ထွက်ရှိကြောင်း သတင်းရရှိသည်။
ယခုအခါ ရခိုင်ပြည်၌ ရခိုင်ဝတ္ထုပြောဓလေ့သည် ပျောက်ကွယ်လုနီးပါး ဖြစ်လာသည့်အတွက် အဆိုပါ ရိုးရာယဉ်ကျေးမှုဓလေ့များကို ပြန်လည် ဖော်ထုတ်ပေးသည့်အနေဖြင့် စာရေးဆရာ ရခိုင်သမိုင်းသုတေသီ မင်းပြား မင်းသိန်းဇံက ရခိုင်ရိုးရာဝတ္ထု (၁၈)ပုဒ်ကို စုစည်းပြီး ရွှေလက်ဆောင်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ စာအုပ်တွင် ရခိုင်စကားပြောဖြင့် ရေးသားထားသည့် ရခိုင်ရိုးရာဝတ္ထုတို (၁၈)ပုဒ်နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ရခိုင်ရိုးရာဝတ္ထုတို (၂)ပုဒ်ပါဝင်ကြောင်း သိရသည်။
ဤဝတ္ထုစာအုပ်တွင် ငပျင်းထွေ၊ ဖွတ်ခေါင်းနှိုက်၊ ကြောင်တောင်လိမ်နန့် သီအောင်လိမ်၊ အကွက်လည် ကြွက်ကယ်လို့ မောင်ပျင်းမယားရ၊ ခွီးစကားကို ကျားယုံလို့၊ မယားကိုယုံကေ စကားကို ကုန်စင်အောင် မပြောလီကေ့ စသည့် ဝတ္ထုများမှ ဘဝသင်ခန်းစာ ယူစရာများ ဆောင်စရာ ရှောင်စရာများကို သိရှိကာ သုတ/ရသစုံလင်စွာ ခံစားသိရှိရမည် ဖြစ်သည်။
စာအုပ်တန်ဖိုးမှာ တစ်အုပ် - ၁၅၀၀ ကျပ် ဖြစ်ပြီး ကျောက်တော်မြို့တွင် မဟာမုနိပြတိုက်၊ မြောက်ဦးမြို့တွင် နန်းရာကုန်းပြတိုက်၊ သျှစ်သောင်းဘုရားနှင့် ရတနာ့မာန်အောင် ၊ စစ်တွေမြို့တွင် လင်းစာပေ၊ ရန်ကုန်မြို့တွင် ရခိုင်သားကြီးစာပေ၊ ကျောက်ဖြူမြို့တွင် ဆရာဦးထွန်းသာ၊ ရသေ့တောင်မြို့တွင် ဆရာသားလှ၊ သံတွဲမြို့တွင် ဆရာတော် ကောသလ္လ (ဂဝေသီ) တို့ထံတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
မင်းပြားမြို့တွင် အလယ်ပိုင်း၊ မြောင်းဘွေလမ်းရှိ ဇေယျာလင်း ကွန်ပျူတာ/မိတ္တူဆိုင်တွင် လည်းကောင်း၊ ပြည်တော်ရပ်ကွက်၊ အောင်သစ္စာလမ်းရှိ စာရေးသူ မင်းပြား မင်းသိန်းဇံ (ဦးမောင်သိန်းဇံ) အိမ်၌လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။
ဤ ရခိုင်ရိုးရာဝတ္ထု ရွှေလက်ဆောင်စာအုပ်သည် စာရေးဆရာ ရခိုင်သမိုင်း သုတေသီ မင်းပြား မင်းသိန်းဇံ၏ (၁၉)အုပ်မြောက် စာအုပ်ဖြစ်ပြီး ရခိုင်ရိုးရာဝတ္ထုပြောဓလေ့ကို ပြန်လည်ထိန်းသိမ်းကာ ကလေးသူငယ်များအား ရခိုင်ရိုးရာဝတ္ထုများ ပြန်လည်ပြောပြလိုသူများ အနေဖြင့် ဝယ်ယူဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်း သိရသည်။
မင်းပြား - သတင်း
17 . 03 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !