မင်းပြား (May 17, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကျွဲကြိုအုပ်စု၊ ငှက်ရဲကောက်ကျေးရွာ၌ မူးယစ်စေတတ်သော အရက် ဘီယာများ ရောင်းချ/ သောက်စားခွင့် မပြုလုပ်ကြရန် ဂါမပညတ်သတ်မှတ်ကာ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အိမ်ခြေ ၁၀၀ ကျော်ရှိသည့် အဆိုပါ ငှက်ရဲကောက်ကျေးရွာတွင် အရက်ဘီယာ သောက်စားမူးယစ်မှုများကြောင့် နောက်ဆက်တွဲ လူမှုရေး၊ အိမ်ထောင်ရေး ပြဿနာများ အမြဲလိုလို ဖြစ်ပွားလာသည့်အတွက် ကျေးရွာရှိ အမျိုးသမီးအဖွဲ့များမှ ဦးဆောင်ကာ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျေးရွာသူ/သားများ စုပေါင်း၍ (၁၄-၅-၂၀၁၆) ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ အဆိုပါ ကျေးရွာနယ်နိမိတ်အတွင်း မည်သူ့တစ်ဦးတစ်ယောက်ကိုမျှ အရက်ဘီယာ ရောင်းချခွင့်၊ သောက်စားခွင့် မပြုကြောင်းကို ရွာဂါမပညတ်အဖြစ် သတ်မှတ်ကာ စတင်ကျင့်သုံးလျှက် ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းကပြောသည်။
"ကျေးရွာအမျိုးသမီးတွေ ဦးဆောင်ပြီး ရွာသူ/သားတွေရဲ့ တောင်းဆိုချက်အရ အစည်းအဝေးခေါ်ယူပြီး အများဆုံးဖြတ်ချက်အတိုင်း စည်းကမ်းသတ်မှတ်ပေးခဲ့တာပါ။ ရွာမှာ အိမ်ခြေ ၁၃၀ ကျော် ရှိတဲ့အနက် တစ်အိမ်တစ်ယောက်ကျ အစည်းအဝေး ဖိတ်ကြားခဲ့တာ တက်ရောက်သူ တစ်ရာကျော်ရှိပါတယ်။ ကျေးရွာအတွင်း အရက်ဘီယာ ရောင်းချခွင့်၊ သောက်စားခွင့် ပိတ်ပင်တာကို ကန့်ကွက်တဲ့လူ မရှိပါဘူး။ ရွာမှာ အဓိက အရက်ရောင်းတဲ့ဆိုင် ၆ ဆိုင်က ပိုင်ရှင်တွေကိုလည်း အရက်ရောင်းချခွင့် မပြုကြောင်းကို သိရှိပါကြောင်း လက်မှတ်ထိုးတာ လုပ်ထားပါတယ်။ ဒီကိစ္စကို မြို့နယ်က သက်ဆိုင်ရာဌာန လူကြီးတွေ သိရှိနိုင်အောင် ဆက်လက်တင်ပြဖို့ လုပ်ထားပါတယ်။" ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်း ကဆက်ပြောသည်။
"ကျွန်မတို့ ငှက်ရဲကောက်ကျေးရွာမှာ ဒီ အရက်ကြောင့် မိသားစုပြဿနာ၊ အိမ်ထောင်ရေး၊ လူမှုရေးပြဿနာ ဖြစ်တာတွေ တစ်နေ့ထက်တစ်နေ့ ပိုပိုများလာပါတယ်။ ဒီ အရက်ကြောင့် ကျေးရွာ စည်းလုံးညီညွတ်မှုလည်း ပြိုကွဲကုန်ပါပြီ။ ဒါကြောင့် ကျွန်မတို့ အခုလို လုပ်ရတာပါ။ ကျေးရွာ နယ်နိမိတ်အတွင်း အရက်ဘီယာ ရောင်းချ/သောက်စားတာကို ဖမ်းတွေ့ခဲ့ရင် ဒဏ်ငွေ တစ်သိန်း သတ်မှတ်ထားပါတယ်။ အဲဒီငွေတွေကို ကျေးရွာ အကျိုးပြု လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အလှူမင်္ဂလာဆောင်ပွဲဖြစ်ဖြစ်၊ နာရေးဖြစ်ဖြစ် ဘယ်လို အကြောင်းပြချက်နဲ့မှ အရက်ဘီယာ ရောင်းချ/သောက်စားခွင့် လုံးဝ ခွင့်မပြုပါဘူး။ ကျူးလွန်ရင်တော့ ဘယ်သူ့ကိုမဆို ဒဏ်တပ်မှာပဲ။" ဟု အဆိုပါ ကျေးရွာအတွင်း အရက်တိုက်ဖျက်ရေးကို ဦးဆောင်သည့် ကျေးရွာအမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်အေးစိန်နု က ပြောသည်။
လွန်ခဲ့သော ၂ နှစ်ခန့်ကပင် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ စကု၊ မကျည်းကျွန်းရှိ ကျေးရွာများတွင် ကျေးရွာ အမျိုးသမီးများမှ ဦးဆောင်၍ အရက်ရောင်းချခွင့် သောက်သုံးခွင့်ကို ခွင့်မပြုကြောင်း ကျေးရွာ ဂါမပညတ်အဖြစ် သတ်မှတ် တားမြစ်နိုင်ခဲ့ပြီး ယနေ့ထိ အောင်မြင်စွာ ကျင့်သုံးလျှက်ရှိကြောင်း သိရသည်။
မင်းပြား - သတင်း
17 . 05 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !