ရခိုင်ဂီတအစည်းအရုံး(ယာယီ)မှ မင်းပြားမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လာရောက် ကူညီထောက်ပံ့ - မင်းပြား - သတင်း
Headlines News :
Home » » ရခိုင်ဂီတအစည်းအရုံး(ယာယီ)မှ မင်းပြားမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လာရောက် ကူညီထောက်ပံ့

ရခိုင်ဂီတအစည်းအရုံး(ယာယီ)မှ မင်းပြားမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လာရောက် ကူညီထောက်ပံ့

Written By Mong Bra's News on Monday, August 31, 2015 | 6:42 AM

မင်းပြား (သြဂုတ် ၂၃၊ ၂၀၁၅)

       ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ရေးဘေးသင့် ပြည်သူများအတွက် ရခိုင်ဂီတအစည်းအရုံး (ယာယီ)မှ အစားအစာ ရိက္ခာနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို (၂၃-၈-၂၀၁၅) ရက်နေ့ ညနေ (၄) နာရီ အချိန်ခန့်က မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

        ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ အထွေထွေအတွင်းရေးမှူး(၁) အဆိုတော် ခိုင်ကျော်လင်းက ယခု ရေဘေးသင့် ပြည်သူများသည် မိမိတို့ ရခိုင်ဂီတ၏ ပရိတ်သတ်များ ဖြစ်သောကြောင့် မိမိတို့ ပရိတ်သတ်များ ဒုက္ခရောက်နေချိန်တွင် မိမိတို့ တတ်စွမ်းနိုင်သည့်ဖက်မှ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် (၁၇-၈-၂၀၁၅) ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဂီတဖျော်ဖြေပွဲပြုရာ ကျပ်သိန်း (၂၂၀) ရရှိခဲ့ကြောင်း၊ ထိုငွေများကို ရေဘေးဒဏ် အများဆုံးခံစားခဲ့ရသော မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း ယိုးတရုတ်ရွာအနီး တြိဂံနယ်မြေနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း" အမှာစကား ပြောကြားခဲ့သည်ဟု သိရသည်။

        ထို့နောက် မင်းပြားမြို့နယ်ရှိ ရေဘေးဒဏ်ခံစားခဲ့ရသော ရွာ (၁၁)ရွာအတွက် ဆန်နှင့် ရေသန့်များကို လည်းကောင်း၊ မင်းပြားမြို့နယ် ရေဘေးဒဏ်ကြောင့် သေဆုံးသွားသည့် လူ (၁၄) ဦးအတွက် တစ်ဦးလျှင် ကျပ် (၁)သိန်းစီလည်းကောင်း ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ ရခိုင်ဂီတ အနုပညာရှင်များက ပေးအပ်ကာ သက်ဆိုင်သူများက လက်ခံရယူခဲ့သည်ဟု သိရသည်။

        ယင်းနောက် ဤအခမ်းအနား ဖြစ်မြောက်အောင်နှင့် ရေဘေးသင့် ပြည်သူများအား ထောက်ပံ့နိုင်ရေးအတွက် ပူးပေါင်း ကူညီပေးသော မင်းပြားမြို့ "ဇ" ဖောင်ဒေးရှင်းအား ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ ငွေကျပ် (၁) သိန်း ပေးအပ်ခဲ့သည်ဟု သိရသည်။

        "ကျွန်တော်တို့ ရခိုင်ဂီတအစည်းအရုံး (ယာယီ) က မင်းပြားမြို့နယ် ရေဘေးသင့် ပြည်သူတွေအတွက် ဆန်၊ ရေသန့် ထောက်ပံ့ငွေအပါအဝင် ငွေကျပ်သိန်း (၄၀) ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ မြောက်ဦးမြို့နယ် ရေဘေးသင့် ပြည်သူတွေအတွက်လည်း ငွေကျပ်သိန်း (၄၀) တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းတွေကို ဒီနေ့ နေ့လည်က မြောက်ဦးမြို့မှာ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ပုဏ္ဏားကျွန်း ယိုးတရုတ်ရွာအနီး တြိဂံနယ်မြေနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ဆက်လက် ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်" ဟု ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ အထွေထွေအတွင်းရေးမှူး(၁) အဆိုတော် ခိုင်ကျော်လင်းက ပြောသည်။

         ထို့နောက် ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ ထောက်ပံ့ပေးခဲ့သော ဆန်နှင့် သောက်ရေသန့်များကို  မင်းပြားမြို့နယ်ရှိ ရေဘေးသင့်ရွာများ ဖြစ်သော င/တက်၊ ကျောက်မော်၊ ပြိုင်းချောင်း၊ အိုးပုံတောင်၊ တောင်ပုက္ကေ၊ ညောင်ခြုံ၊ ငန်းတက်၊ စိတ္တရ၊  င/ရမ၊ မြင်းတင်မ၊ ဒုံးသား စသော ရွာ (၁၁) ရွာအား "ဇ" ဖောင်ဒေးရှင်းမှ လူငယ်များက စနစ်တကျ ခွဲဝေပေးခဲ့ကြကြောင်း သိရပါသည်။

        

မင်းပြား - သတင်း
   23 - 8 - 2015

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger