မင်းပြား (March 13, 2016)
ယခုနှစ် ပြုလုပ်သော စတုတ္တအကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေပြိုင်ပွဲ၌ ကဗျာဆုရရှိခဲ့သော မင်းပြားမြို့၊ တေဇာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥာဏသာမိ (မိုးပြို-မင်းပြား) အား မင်းပြားမြို့နယ် စာရေးဆရာအသင်းမှ ထပ်ဆင့်ဂုဏ်ပြုပွဲတစ်ရပ်ကို အဆိုပါကျောင်းတိုက်၌ (၁၃-၃-၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
အခမ်းအနားတွင် တန်းခိုးဆရာထွန်း စာပေပြိုင်ပွဲ၌ ကဗျာဆု ဆွတ်ခူးရယူနိုင်ခဲ့သည့် မင်းပြားမြို့၊ တေဇာရာမဆရာတော် ဘဒ္ဒန္တ ဥာဏသာမိ (မိုးပြို-မင်းပြား) အား မင်းပြားမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာများက ဂုဏ်ပြုချီးကျူစကားများ ထုတ်ဖော်ပြောကြားခဲ့ကြကာ ဆုရကဗျာအား ရွတ်ဖတ်ပြခဲ့သည်ဟု သိရသည်။
ယင်းနောက် မင်းပြားမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးမောင်သိန်းဇံမှ ဆရာတော် (မိုးပြို-မင်းပြား) အား ထပ်ဆင့်ဂုဏ်ပြုလွှာကို ပေးအပ်ဆက်ကပ်ခဲ့ပြီး လှူဖွယ်ပစ္စည်းများကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
ယခုနှစ် တန်းခိုးဆရာထွန်း စာပေပြိုင်ပွဲ၌ ယှဉ်ပြိုင်ခဲ့သည့် ကဗျာခေါင်းစဉ်မှာ "ရိုးမသဇင် ဂုဏ်တင်ဖွဲ့ခ ရက္ခိတ" ဟု အမည်ရပြီး ဆရာတော် ဘဒ္ဒန္တ ဥာဏသာမိ (မိုးပြို-မင်းပြား) က A4 ၁၂ မျက်နှာအပြည့် ရေးဖွဲ့သီကုံးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ယခု တန်းခိုးဆရာထွန်း ကဗျာဆုရရှိခဲ့သည့် မင်းပြားမြို့၊ တေဇာရာမဆရာတော် ဘဒ္ဒန္တ ဥာဏသာမိ (မိုးပြို-မင်းပြား)သည် ၂၀၀၁ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က (၁၂)ကြိမ်မြောက် အမျိုးသားရေးဆောင်ပုဒ် စာပေနှင့် ဓာတ်ပုံပြိုင်ပွဲတွင် ကဗျာ တတိယဆုကို ဆွတ်ခူးရရှိခဲ့ဖူးသည်ဟုလည်း သိရသည်။
အဆိုပါ မင်းပြားမြို့နယ် စာရေးဆရာအသင်းမှ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ ပြီးနောက်တွင် ဆရာတော် ဘဒ္ဒန္တ ဥာဏသာမိ (မိုးပြို-မင်းပြား) ဦးစီးဖွင့်လှစ်ခဲ့သည့် ပထမအကြိမ်မြောက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြပြီး ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်ဟု သိရသည်။
ယင်း ယဉ်ကျေးလိမ္မာသင်တန်းကို တေဇာရာမ ဘုန်းတော်ကြီးကျောင်း၌ (၂၈-၂-၂၀၁၆) မှ (၅-၃-၂၀၁၆) ထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို (၁၃-၃-၂၀၁၆) ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဆရာတော် ဘဒ္ဒန္တ ဥာဏသာမိ (မိုးပြို-မင်းပြား) သည် ဗုဒ္ဓသာသာ သာသနာရေး လုပ်ငန်းများအပြင် "အလင်းစေတမန်" ပရဟိတ စာသင်ဝိုင်းကို ဦးဆောင်ဖွင့်လှစ်ကာ ဆင်းရဲနွမ်းပါး ကျောင်းသား/သူများအား အခမဲ့ပညာဒါန ပို့ချပေးနေလျှက်ရှိကြောင်း သိရသည်။
မင်းပြား - သတင်း
13 . 03 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !