မင်းပြား (March 19, 2016)
ရခိုင်ပြည်၊ စစ်တွေမြို့ ရွှေကရုဏာ စေတနာဆေးခန်း နယ်လှည့်ဆေးကုသရေး အစီအစဉ်အဖြစ် မင်းပြားမြို့၌ ယနေ့ (၁၉-၃-၂၀၁၆) ရက်နေ့က လူနာ (၁၁၀၀)ခန့်အား အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေး အစီအစဉ်အား စစ်တွေမြို့ ရွှေကရုဏာ စေတနာဆေးခန်းမှ ဦးဆောင်ကာ အများပြည်သူ စေတနာရှင်များ လှူဒါန်းငွေနှင့် စစ်တွေမြို့ပေါ်ရှိ စေတနာရှင် အထူးကု ဆရာဝန်များ၊ အထွေထွေရောဂါကု ဆရာဝန်များ ၃၀ ခန့်နှင့် သူနာပြု ၂၀ ကျော်တို့က မင်းပြားမြို့ ဓမ္မာရုံကြီး၌ ဆေးခန်းဖွင့်လှစ်ကာ ရောဂါဝေဒနာရှင်များအား အခမဲ့ ဆေးကုသပေးခဲ့ကြသည်ဟု သိရသည်။
ဤ ဆေးကုသရေး အစီအစဉ် အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် မင်းပြားမြို့၊ နာရေးကူညီမှုဖောင်ဒေးရှင်းအဖွဲ့မှ အဓိက ကူညီပေးခဲ့ကာ ဆေးကုသရေးတွင် မင်းပြားမြို့၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့သွေးလှူရှင်အဖွဲ့နှင့် စေတနာ့ ပရဟိတလူငယ်များကလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြသည်ဟု သိရသည်။
ဤ နယ်လှည့်ဆေးကုသရေး အစီအစဉ်၌ သမားတော်ကြီးများ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ သားဖွားနှင့်မီးယပ်အထူးကု၊ နား နှာခေါင်း လည်ချောင်း အထူးကု၊ ကလေးအထူးကု၊ စိတ်ရောဂါနှင့် အာရုံကြော အထူးကု၊ ကင်ဆာ အထူးကု၊ အရေပြား အထူးကု၊ ငှက်ဖျား အထူးကု၊ အရိုး အထူးကု ဆရာဝန်ကြီးများ၊ သွားဆရာဝန်နှင့် အထွေထွေ ရောဂါကု ဆရာဝန်များက ရောဂါဝေဒနာရှင် (၁၁၀၀) ခန့်အား အခမဲ့ ဆေးကုသပေးနိုင်ခဲ့သည်ဟု ရွှေကရုဏာ စေတနာဆေးခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာချမ်းသာက ပြောသည်။
စစ်တွေမြို့ ရွှေကရုဏာ စေတနာ ဆေးခန်းမှ ဦးဆောင်၍ ယခုကဲ့သို့ နယ်လှည့်ဆေးကုသရေး အစီအစဉ်များကို ယခင်က စစ်တွေမြို့နယ် ကျေးရွာကြီးများ၌ လည်းကောင်း၊ မြောက်ဦးမြို့၌ လည်းကောင်း ပြုလုပ်နိုင်ခဲ့ပြီး နောက်ထပ်လည်း ရခိုင်ပြည်ရှိ အခြားမြို့နယ်များသို့ နဟ်လှည့်ဆေးကုသမည့် အစီအစဉ်များရှိကြောင်း ဒေါက်တာ ချမ်းသာ ကပြောသည်။
ရွှေကရုဏာ စေတနာဆေးခန်းမှ ဦးဆောင်ကာ ယခုနှစ်အတွင်း ရွှေပါရမီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ မျက်စိလူနာ ၄၃၅ ဦးအား ခွဲစိတ်ကုသပေးနိုင်ခဲ့ကာ မြန်မာနိုင်ငံ သွားဆရာဝန်အသင်းနှင့် ပူးပေါင်း၍လည်း သွားရောဂါ ဝေဒနာရှင် ၃၂၅ ယောက်အား အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ရွှေကရုဏာ စေတနာဆေးခန်းသည် ရခိုင်ပြည်၊ စစ်တွေမြို့၊ ဝင်္ကပါကွင်းအနီး၌ တည်ရှိကာ တစ်ပတ်လျှင် ၆ ရက်ဖွင့်၍ (တနင်္လာနေ့ပိတ်၊ ဝါတွင်းကာလ ဥပုသ်နေ့ပိတ်) တစ်နေ့လျှင် ရောဂါဝေဒနာရှင် ၅၀ မှ ၁၀၀ အထိ အခမဲ့ ဆေးကုသပေးလျှက်ရှိကြောင်းလည်း သိရသည်။
ယခုကဲ့သို့ မင်းပြားမြို့နယ်ရှိ ရောဂါဝေဒနာရှင်များအား အခမဲ့ ဆေးကုသပေးခဲ့ကြပါသော ရွှေကရုဏာ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ စေတနာရှင် ဆရာဝန်များ၊ သူနာပြုများ၊ စေတနာရှင် အလှူရှင် ပြည်သူများ၊ အကျိုးဆောင်အဖွဲ့ဝင်များနှင့် မင်းပြားမြို့မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများ အားလုံးကို လေးစားစွာဖြင့် ကျေးဇူးတင်ရှိပါကြောင်း မင်းပြား-သတင်းမှ မှတ်တမ်းတင်အပ်ပါသည်။
မင်းပြား - သတင်း
19 . 03 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !