မင်းပြား (March 25, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကင်းဆိပ်ကျေးရွာ၌ ကင်းဆိပ်ဈေးသစ်ဖွင့်ပွဲကို (၂၄-၃-၂၀၁၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။
အဆိုပါ ကင်းဆိပ်ဈေးသစ်ကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဦးရွှေမောင်၊ မြို့နယ်စည်ပင်ကော်မတီဝင် ဦးမောင်သိန်းရွှေနှင့် ကင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။
ကင်းဆိပ်ဈေးသစ်သည် မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာရှိ ကင်းဆိပ်-ခြိတ်တောင် ကွန်ကရစ်လမ်းမအနီးတွင် တည်ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် (၉ ပေ x ၁၀ ပေ) ရှိသည့် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ဆိုင်ခန်းပေါင်း (၁၃၁)ခန်းနှင့် အသားဈေး၊ ဟင်းဈေး၊ ဈေးအိမ်သာ၊ ရေစင်တို့ ပါရှိကြောင်း သိရသည်။
ထို ကင်းဆိပ်ဈေးသစ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များက ဆောက်လုပ်ကာ ဆိုင်သည်များမှ ဆိုင်ခန်းတစ်ခန်းလျှင် ကျပ် (၁၈)သိန်းဖြင့် ဝယ်ယူရကြောင်း သိရသည်။
အဆိုပါ ကင်းဆိပ်ဈေးသစ်ကို မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၂၅)၊ ဆိတ်ချောင်းကွင်း၊ ဦးပိုင်အမှတ် (၂၉/၄)၊ မြေဧရိယာ (၀.၄၇၉) ရှိ ဦးသာထွန်း (ဘ) ဦးမောင်စောဦး၏ လယ်မြေကို အခြားနည်း အသုံးပြုခွင့်လျှောက်ထားပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်၍ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအဖြစ်အပ်နှံကာ ဈေးမြေမှ ကောက်ခံရရှိငွေကို အဖွဲ့ရန်ပုံငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်၍ ကင်းဆိပ်ဈေးအဖြစ် တည်ဆောက်ခွင့်ပြုရန် အထောက်အထားများဖြင့် အဆင့်ဆင့် တင်ပြလာမှုအပေါ် (၂၅-၁-၂၀၁၆) ရက်က စာအမှတ် ၁၄၄ /ဃ-၁/ ရခစ (၀၂၀)ဖြင့် ရခိုင်ပြည်အစိုးရအဖွဲ့ရုံး၊ စည်ပင်သာယာရေး ဝန်ကြီးဌာနမှ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းပြား - သတင်း
25 . 03 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !