မင်းပြား (April 13, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဇိဝှါဓာတ်တော် ဘုရားရေသပ္ပါယ်ပွဲကို (၁၃-၄-၂၀၁၆) ရက်နေ့ ညနေပိုင်းအချိန်တွင် ပြုလုပ်ကျင်းပခဲ့ရာ ယခုနှစ်တွင် အလွန်စည်ကားခဲ့ကြောင်း သိရသည်။
ကျိန်းတောင်ဇိဝှါဓာတ်တော် ဘုရားရေသပ္ပါယ်ပွဲကို မင်းပြားမြို့မှ လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Rainbow & ကျိန်းရပ်မြီကပန်းပျိုးလက် အဖွဲ့မှ ဦးဆောင်ကာ ကျင်းပခဲ့ရာ ယခုနှစ်တွင် ရပ်ကွက်အလိုက် ရေလောင်းမဏ္ဍပ် (၉)ခုမှ အမျိုးသမီးငယ်များ၊ အမျိုးသမီးကြီးများ အပါအဝင် မြို့ပေါ်မှ ပြည်သူများကပါ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
" ကျွန်တော်တို့ ကျိန်းတောင်ဇိဝှါဓာတ်တော်ကို ဘုရားရေသပ္ပါယ်ပွဲ ဦးဆောင်လုပ်လာတာ ဒီနှစ်ဆို (၇)နှစ်ရှိပြီ။ ဒီနှစ်လောက် စည်ကားတဲ့ ဘုရားရေသပ္ပါယ်တဲ့ပွဲမျိုး ကျွန်တော်တို့ မကြုံဖူးပါဘူး။ လွန်ခဲ့တဲ့ (၆)ကြိမ်စလုံးက ကျွန်တော်တို့ ဘုရားရေသပ္ပါယ်တဲ့ အဖွဲ့နောက်က လိုက်ပါပူးပေါင်းတဲ့ ပြည်သူတွေ မရှိသလောက်ပါပဲ။ မရမာကြီး လူငယ်အဖွဲ့တွေနဲ့ပဲ ကျွန်တော်တို့ ဘုရားရေသပ္ပါယ် သွားရတာများပါတယ်။ ဒီနှစ်မှာ အခုလိုမျိုး ရပ်ကွက် ရေလောင်းမဏ္ဍပ်တွေက အမျိုးသမီးငယ်တွေ၊ လူကြီးတွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်လာတဲ့အတွက် အရမ်း ဝမ်းသာမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ နောက်နှစ်တွေမှာလည်း ဒီနှစ်လိုမျိုး ကျိန်းတောင်ဇိဝှါဓာတ်တော် ဘုရားရေသပ္ပါယ်ပွဲမှာ မင်းပြားမြို့က ပြည်သူတွေ ပူးပေါင်းပါဝင်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ " ဟု ကျိန်းရိပ်မြီက ပန်းပျိုးလက်အဖွဲ့မှ ကိုမောင်မောင်သိန်း ကဆိုသည်။
အဆိုပါ ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားမှာပင် (၁၂-၄-၂၀၁၆) ရက်နေ့က မြို့နယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည့် နံ့သာသွေးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အဖွဲ့များကို ဖွင့်ဖောက်ကြော်ငြာခဲ့ရာ မင်းပြားမြို့ မြို့သစ်ရပ်ကွက် မေထွီးယေ ရေလောင်းမဏ္ဍပ်မှ ပထမဆု၊ အလယ်ပိုင်းရပ်ကွက် ရာမောင်ကမ်းက ပန်းမြတ်သဇင် ရေလောင်းမဏ္ဍပ်မှ ဒုတိယဆု၊ ပြည်တော်လှရပ်ကွက် ပန်းမြတ်သဇင် ရေလောင်းမဏ္ဍပ်မှ တတိယဆုနှင့် ကျန်ရေလောင်းမဏ္ဍပ် (၆)ခုအား နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၎င်းနောက် ကျိန်းရိပ်မြီက ပန်းပျိုးလက်အဖွဲ့က ဦးဆောင်ကာ ကျိန်းတောင်ဇိဝှါဓာတ်တော်အား အမွှေးနံ့သာရည်များဖြင့် ရေသပ္ပါယ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
မင်းပြား - သတင်း
13 . 04 . 2016
Photos: Saw Moe Kyaw
0 comments:
Speak up your mind
Tell us what you're thinking... !