မင်းပြား (April 28, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ရာမောင်ကြိုးတံတားကို ပြုပြင်မည်ဖြစ်၍ အချိန်ကန့်သတ်ချက်ဖြင့်သာ တံတားဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တံတားပြုပြင်နေစဉ်အတွင်း နေ့စဉ် မွန်းလွဲ (၂)နာရီမှ ညနေ (၅)နာရီအထိလည်းကောင်း၊ ည(၉)နာရီမှ ည(၁၁)နာရီအထိလည်းကောင်း မည်သည့်ယာဉ်မှ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါ တံတားအား တာဝန်ယူပြင်ဆင်မည့် တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းက ဆိုသည်။
"ဒီကြိုးတံတားကို အကြီးစားပြင်ဆင်မှု လုပ်ရမှာ ဖြစ်ပါတယ်။ ပထမဆုံး ဒီတံတားကို တည်ဆောက်တုန်းက ရခိုင်ဒေသက အခုအချိန်လောက် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတော့ ၆ ဘီးကားတွေ ဖြတ်သန်းဖို့လောက် ထည့်တွက်ခဲ့ပုံ ရပါတယ်။ အခုတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုလည်း ဖွံ့ဖြိုးလာတော့ ၁၂ ဘီးကားတွေ ကုန်အပြည့်နဲ့ နေ့စဉ် တန်ပေါင်းများစွာ တင်ဆောင်ပြီး ဖြတ်သန်းသွားလာနေကြတဲ့အတွက် ဒီတံတားကို ကြံ့ခိုင်မှုရှိအောင် ပြန်လည်ပြင်ဆင်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ပြင်ဆင်ပြီးစီးနိုင်မယ့် ကြာချိန်ကတော့ လိုအပ်တဲ့ပစ္စည်းတွေကို ကုမ္ပဏီတွေက ထုတ်လုပ်ပေးနိုင်မှုပေါ်မှာ မူတယ်ပါတယ်။" ဟု တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်း ကပြောသည်။
ရာမောင်ကြိုးတံတားသည် လေးမြို့မြစ် (ရာမောင်မြစ်)ကို ဖြတ်ကူး တည်ဆောက်ထားသည့် တံတားကြီးတစ်စင်းဖြစ်ပြီး တံတားပြုပြင်နေစဉ် ကာလအတွင်း ခရီးသည်တင် မော်တော်ကားများနှင့် ကုန်တင်ကားကြီးများကို လာမည့် မေလဆန်းမှစတင်၍ ဇက် ၂ စီးဖြင့် ပို့ဆောင် ကူးတို့ကူးပေးမည်ဟု သိရသည်။ တံတားကို နေ့စဉ် အချိန်ပြည့် ပြုပြင်ဆောင်ရွက်နေမည်ဖြစ်ပြီး တံတားပိတ်ချိန်မှလွဲ၍ ကျန်အချိန်များတွင်မူ လူနှင့် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုပေးနိုင်မည်ဟု သိရသည်။
မင်းပြားမြို့နယ်ရှိ ရာမောင်ကြိုးတံတားသည် ရန်ကုန်-စစ်တွေကားလမ်းရှိ အဓိက တံတားကြီးတစ်စင်းဖြစ်ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့က တံတားဖွင့်လှစ်၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
မင်းပြား - သတင်း
28 . 04 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !