မင်းပြား (April 27, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဘာခံရေကန်ထဲ၌ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ ထိုရပ်ကွက်နေပြည်သူများမှာ ရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ရေနစ်သေဆုံးသည့် အမျိုးသမီးမှာ အဆိုပါ မြို့သစ်ရပ်ကွက်မှ အသက် (၂၀) အရွယ်ခန့်ရှိသည့် မအေးအေး (ခ) အေးအေးမွှေး ဆိုသူဖြစ်ပြီး ၎င်းသည် လွန်ခဲ့သည့် ၃ ရက်ခန့်က နေအိမ်မှ ပျောက်ဆုံးသွားခဲ့ရာ ယနေ့ (၂၇-၄-၂၀၁၆) နံနက်ပိုင်းအချိန်က ၎င်းအား ထိုရေကန်ထဲအလယ်၌ ပေါလောမျောနေသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး ရေကန်ထဲရေနစ် သေဆုံးခဲ့သည့်အတွက် ထိုရေကန်မှ ရေကို ရပ်ကွက်နေပြည်သူများ သုံးစွဲလိုစိတ်မရှိတော့သည့်အတွက်ကြောင့် သုံးစွဲရန်ရေအခက်အခဲ ရှိနေသဖြင့် ရေဘောက်ဆာကား ၂ စီးဖြင့် ရပ်ကွက်ရေလှောင်ကန်များမှတစ်ဆင့် ရေဖြန့်ဝေပေးနေရသည်ဟု ၎င်းရပ်ကွက်မှ ပြည်သူတစ်ဦးက ဆိုသည်။
မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်တွင် ရေကို အဓိကအားထားနေရသည့် ရေကန်မှာ အဆိုပါ အမျိုးသမီးရေနစ်ခဲ့သည့် ဘာခံရေကန်ပင်ဖြစ်ပြီး ရေရှိသော်လည်း ရှိသည့်ရေကို ပြည်သူများ သုံးစွဲရန် မလိုလားသည့်အတွက် နွေရာသီ ရေရှားမှုနှင့် မရင်ဆိုင်ရမီအချိန်ကပင် ၎င်းရပ်ကွက်မှ ပြည်သူများ ရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
မင်းပြား - သတင်း
27 . 04 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !