မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့မှ မင်းပြားမြို့နယ်၊ ကံဖယ်ကျေးရွာ၌ ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်လှူဒါန်း - မင်းပြား - သတင်း
Headlines News :
Home » » မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့မှ မင်းပြားမြို့နယ်၊ ကံဖယ်ကျေးရွာ၌ ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်လှူဒါန်း

မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့မှ မင်းပြားမြို့နယ်၊ ကံဖယ်ကျေးရွာ၌ ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်လှူဒါန်း

Written By Mong Bra's News on Tuesday, April 19, 2016 | 7:29 AM

မင်းပြား (April 19, 2016)

အလှူရှင်များကိုယ်စား မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့မှ မင်းပြားမြို့နယ်၊ ကံဖယ်ကျေးရွာ၌ ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို (၁၉-၄-၂၀၁၆) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်ကို မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့မှ နာယကဆရာတော် ဦးဇာဂရ၊ မင်းပြားမြို့နယ် ပညာရေးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဦးမောင်သန်း နှင့် ကံဖယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘစောဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

၎င်းနောက် အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး မင်းပြားမြို့နယ် ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးဦးမောင်သန်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင်များကိုယ်စား မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့မှ နာယကဆရာတော် ဦးဇာဂရ က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်ဆောက်လုပ်ရာတွင် ပါဝင်ကူညီခဲ့သည့် မေတ္တာမျှဝေ အဖွဲ့သူ/သားများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဦး​မောင်​သန်း နှင့် မင်းပြားမြို့ ကျိန်းရိပ်ကရုဏာ လူမှုညီရေးအဖွဲ့တို့အား ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းဆောင်သစ်ဆိုင်ရာ အချက်အလက် စာရွက်စာတမ်းများကို အလှူရှင်များကိုယ်စား မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့ဝင်များမှ ပေးအပ်ခဲ့ပြီး မင်းပြားမြို့နယ်မှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဦးမောင်သန်းနှင့် ကံဖယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘစောဦးတို့က လက်ခံရယူခဲ့ကြသည်။ ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘစောဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်ဟု သိရသည်။

ကံဖယ်ကျေးရွာသည် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ် နယ်စပ်တွင်တည်ရှိပြီး စာသင်ကျောင်းမရှိသောကြောင့် ထိုရွာမှ ကလေးငယ်များသည် အနီးရှိ ဟာရပိုင် (ဘင်္ဂလီ)ရွာ စာသင်ကျောင်းသို့ သွားရောက်ပညာသင်ယူခဲ့ရပြီး ၂၀၁၂ ကုလား-ရခိုင် အဓိကရုဏ်းနောက်ပိုင်း ကလေးငယ်များ ပညာသင်ယူရန် အလွန်အခက်အခဲ ဖြစ်ခဲ့ရကြောင်း သိရသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ရေဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့က မင်းပြားမြို့နယ်၌ ကျောင်းဆောင်သစ်တစ်ဆောင်ကို အဆိုပါ ကံဖယ်ကျေးရွာ၌ ဆောက်လုပ်လှူဒါန်းရန် စီစဉ်ခဲ့ကြပြီး ကျောင်းဆောင်ဆောက်လုပ်မည့် မြေနေရာ (၀.၄၈) ဧကကို စစ်တွေမြို့ ဦးဝင်းနိုင် မိသားစုမှ လှူဒါန်းခဲ့ကာ အလှူရှင်များကိုယ်စား မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့က ကျပ် (၂၃၅)သိန်း တန်ဖိုးရှိသည့် အလျား (၆၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၃)ပေရှိ Steel Structure တစ်ထပ် ကျောင်းဆောင်သစ်တစ်ဆောင်ကို (၁၉-၁၀-၂၀၁၅) ရက်နေ့က စတင်ဆောက်ခဲ့ကာ (၁၉-၄-၂၀၁၆) ရက်နေ့တွင် သက်ဆိုင်ရာ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မင်းပြားမြို့နယ်၌ ပညာသင်ယူရန် အလွန်အခက်အခဲရှိသည့် ကံဖယ်ကျေးရွာ၌ ကျောင်းဆောင်သစ်တစ်​ဆောင် ဆောက်လုပ်လှူဒါန်းပေးကြပါသော အလှူရှင်များနှင့် မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့အား "မင်းပြား-သတင်း"မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

မင်းပြား - သတင်း
19 . 04 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger