မင်းပြား (May 05, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတစ်ရပ်ကို (၄-၅-၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းက မင်းပြားမြို့နယ်ဓမ္မာရုံအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုနှင့် စည်းကမ်းမဲ့ လမ်းသွားလမ်းလာများကြောင့် ဖြစ်ပွားနေကျဖြစ်သည့် ယာဉ်တိုက်မှုများကို လျှော့ချနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ အဆိုပါ ဟောပြောပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာလူကြီးများနှင့် မော်တော်ကား၊ သုံးဘီးဆိုင်ကယ်၊ အနှေးယာဉ် မောင်းနှင်သူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ယာဉ်ထိန်းတာဝန်ခံ ရဲအုပ်ထွန်းလှအောင်နှင့် မြို့နယ်ရဲစခန်းမှူးအပါအဝင် သက်ဆိုင်ရာဌာန လူကြီးများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် မင်းပြားမြို့၌ ယာဉ်/လမ်း ပိတ်ဆို့မှု အများဆုံးဖြစ်နေသည့် ကမ်းနားလမ်းနှင့် မြောင်းဘွေလမ်းကို တစ်လမ်းမောင်းစနစ် ပြုလုပ်နိုင်ရန်အတွက် ယာဉ်ထိန်းရဲအဖွဲ့နှင့် စည်ပင်ကော်မတီတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တစ်လမ်းမောင်းစနစ်အတွက် လမ်းညွှန်ဆိုင်းဘိုးများ ဆောင်ရွက်ပြီးစီးပါက ကမ်းနားလမ်းတွင် မြို့နယ်ဓမ္မာရုံဘက်မှ ဘုတ်ဆိပ်ဘက်သို့ (မြောက်မှတောင်သို့) လည်းကောင်း၊ မြောင်းဘွေလမ်းတွင် ကျိန်းဒုံးညိုလမ်းဆုံ (လမ်းသစ်ခွဆုံ)မှ ရုံးတက်လမ်း လမ်းဆုံ အထိ (တောင်မှမြောက်သို့) လည်းကောင်း တစ်လမ်းမောင်းစနစ်ဖြင့် အကောင်အထည်ဖော်ကာ ယာဉ်/လမ်း ပိတ်ဆို့မှုပြဿနာကို ဖြေရှင်းသွားမည် ဖြစ်သည်။
ထို့ပြင် မင်းပြားမြို့ပေါ်ရှိ ရပ်ကွက် ၈ ရပ်ကွက်တွင်လည်း ရပ်ကွက်အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပြီးနောက်တွင် ယာဉ်/လမ်း စည်းကမ်း ဖောက်ဖျက်သူများအား ပြစ်ဒဏ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မင်းပြား - သတင်း
05 . 05 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !