မင်းပြား (May 10, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသည့် တောင်ရှည်ပြင်ကျေးရွာအုပ်စု၊ သဗြုရေမျက်ဆိုသည့် ချင်းတိုင်းရင်းသား ကျေးရွာမှ လူငယ် ၅ ဦးအား ဗုဒ္ဓဘာသာသို့ သွတ်သွင်းသည့် အခမ်းအနားတစ်ခုကို (၉-၅-၂၀၁၆) ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ သဗြုရေမျက်ကျေးရွာတွင် ယခင်က ဗုဒ္ဓဘာသာကိုးကွယ်သူများ အများအပြားရှိခဲ့သော်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း မရှိသည့်အတွက် ယခုအခါ ရွာလုံးကျွတ်နီးပါး ခရစ်ယာန်ဘာသာသို့ ကူးပြောင်း ကိုးကွယ်လျှက်ရှိသည်ဟု သိရသည်။
ထိုကျေးရွာမှ အဆိုပါ လူငယ် ၅ ဦးသည် သူတို့ မိဘများ ကိုးကွယ်သည့် ခရစ်ယာန်သာကိုလည်း မကိုးကွယ်၊ ခရစ်ယာန်ဘာသာဝင်အဖြစ်လည်း မခံယူဘဲ ဗုဒ္ဓသာသာကိုသာ ကိုးကွယ်လိုသည့်အတွက် မိဘများက ခွင့်ပြုခဲ့သဖြင့် သူတို့၏ အစ်မ ဦးဆောင်မှုနှင့်အတူ မင်းပြားမြို့ သီရိရတနာ ချောင်းရှည်ကျောင်းတိုက်၌ ဗုဒ္ဓဘာသာဝင်အဖြစ် ရှင်ပြု/မယ်သီလရှင် ဝတ်ပေးခဲ့ရကြောင်း ထိုကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သဇ္ဇန (မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်) က မိန့်ကြားသည်။
"အခု ဗုဒ္ဓသာသာဝင်အဖြစ် ရှင်ပြု/မယ်သီလရှင် ဝတ်ပေးခဲ့တာက လူငယ် ၅ ဦးပါ။ ယောက်ျားလေး ၂ ဦးနဲ့ မိန်းကလေး ၃ ဦး၊ အသက်က ၇ နှစ်နဲ့ ၁၃ နှစ် အကြား အရွယ်တွေပါ။ သူတို့လေးတွေက သူတို့ရွာသူ/သားတွေနဲ့ သူတို့မိဘတွေ ကိုးကွယ်နေတဲ့ ခရစ်ယာန်ဘာသာကို မကိုးကွယ်ဘဲ ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်ချင်တဲ့အတွက် အခုလို လုပ်ပေးရခြင်း ဖြစ်ပါတယ်။ ကိုယ်ရင်လေး ၂ ပါးက ဆရာတော်တို့ ကျောင်းမှာ သီတင်းသုံး ပညာသင်ယူမယ်။ မယ်သီလရှင် ၃ ပါးကတော့ သီလရှင်မဂ္ဂင်မှာ သီတင်းသုံးပြီး ပညာသင်ယူမယ် ဆိုပြီး စီစဉ်ထားပါတယ်။" ဟု အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ဤဗုဒ္ဓဘာသာသို့ သွတ်သွင်းပေးသည့် ရှင်ပြု/မယ်သီလရှင်ဝတ် အခမ်းအနားကို မြို့နယ်သံဃနာယ ဥက္ကဋ္ဌ ဆရာတော်၊ အတွင်းရေးမှူး ဆရာတော်၊ မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် လူပရိတ်သတ် အနည်းငယ် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ (၂၆)ရက်နေ့ကလည်း မင်းပြားမြို့နယ် တောင်ဘက်ဆုံးပိုင်းရှိ ချင်းတိုင်းရင်းသား ကျေးရွာများ ဖြစ်ကြသည့် သံကြိုး၊ ခွဆုံ၊ ချောင်းနက်နှင့် တောင်ပုက္ကေ ကျေးရွာများမှ ချင်းတိုင်းရင်းသား (၈၁)ဦးအား ဗုဒ္ဓဘာသာဝင် ရှင်ပြုပွဲကြီးကို မင်းပြားမြို့နယ် သာသနာရေး ဦးစီးမှူးနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များမှ ဦးဆောင်ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။
မင်းပြား - သတင်း
10 . 05 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !