2015 - မင်းပြား - သတင်း
Headlines News :

မင်းပြားမြို့နယ်၊ ကျားပိုက္ကေရွာတွင် မိန်းကလေး ပုံသဏ္ဍာန် ဘူးသီးမှာ ပုံစံသွင်းမှုကြောင့်သာဖြစ်ဟုဆို

Written By Mong Bra's News on Thursday, December 17, 2015 | 7:51 AM

မင်းပြား (Dec 17, 2015)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကျားပိုက္ကေကျေးရွာတွင် မိန်းကလေးငယ်တစ်ဦးနှင့် ပုံသဏ္ဍာန်တူသည့် ဘူးသီးတစ်လုံး သီးသည်ဆိုပြီး ထူးခြားဆန်းပြားသည့် သတင်းတစ်ပုဒ် Facebook ၌ (၁၆-၁၂-၂၀၁၅) ရက်နေ့က စတင်ပျံ့နှံ့ခဲ့ရာ အဆိုပါ သတင်းအမှန်မှာ ပုံစံသွင်းပြုလုပ်ထားမှုကြောင့်သာ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ မိန်းကလေးပုံသဏ္ဍာန် ဘူးသီးဖြစ်အောင် စမ်းသပ်ပြုလုပ်ခဲ့သူမှာ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာအုပ်စု၊ ကျားပိုက္ကေကျေးရွာမှ ဦးအောင်ခိုင်ဇံ ဆိုသူဖြစ်ပါသည်။

သူသည် ရန်ကုန်မှာရှိနေစဉ် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် လူပုံစံ သစ်သီးကို စားဖူးသောကြောင့် မိမိနေထိုင်ရာ ကျေးရွာသို့ပြန်ရောက်လာသောအခါ ဘူးသီးကို စမ်းသပ်ပြုလုပ်ရန် စိတ်ကူးရကာ ဘူးသီး သီးစအချိန်တွင် ပလပ်စတိတ် မိန်းကလေးအရုပ်ကို အောက်ခြေမှ ပိုင်းဖြတ်ပြီး ထိုအရုပ်အတွင်း ဘူးသီးကိုထည့်သွင်းကာ ဘူးသီးကြီးထွားလာအောင်ထိ အချိန်ယူကာ မိန်းကလေးငယ် ပုံသဏ္ဍာန်ဖြစ်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သူက သူ၏စမ်းသပ်ချက်ကို အဖြစ်မှန်အတိုင်း မပြောဘဲ လူအများအံ့သြသင့်စေရန် နောက်ပြောင် ပြသခဲ့ရာ အဆိုပါ မိန်းကလေးပုံသဏ္ဍာန် ဘူးသီးသတင်းသည် အချိန်အနည်းငယ်အတွင်း Facebook ၌ ပျံ့နှံ့သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် အဆိုပါ မိန်းကလေး ပုံသဏ္ဍာန် ဘူးသီးကို ပိုင်ရှင်မှတဆင့် ဘူးသီးကျော်ရောင်းသည့် အကျော်သည်အား ရောင်းချခဲ့ပြီးဖြစ်ရာ ထိုဘူးသီးမှာ ဘူးသီးကျော် အဖြစ်သို့ ရောက်ရှိသွားပြီဟု သတင်းရရှိပါသည်။

မင်းပြား - သတင်း
17 - 12 - 2015

မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) အောင်နိုင်ရေးအတွက် မြို့ပတ်လမ်းလျှောက်ကာ အင်အားပြ

Written By Mong Bra's News on Thursday, November 5, 2015 | 1:09 AM

မင်းပြား (နိုဝင်ဘာ ၅၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ရခိုင်အမျိုးသားပါတီ (ANP) အောင်နိုင်ရေးအတွက် မင်းပြားမြို့နယ်ရှိ သောင်းနှင့်ချီသော မြို့လူထုက မြို့ပတ်လမ်းလျှောက် အင်အားပြမှုတစ်ရပ်ကို ယနေ့ (၅-၁၁-၂၀၁၅) နံနက် (၁၀) နာရီအချိန်ခန့်က  မင်းပြားမြို့ပေါ်တွင် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

ထို (ANP) အောင်နိုင်ရေး အင်အားပြလူထုသည် မင်းပြားမြို့၊ မြို့မတောင်ကျောင်းမှ စတင်ထွက်ခွါပြီး မင်းပြားမြို့တစ်ပတ် ချီတက်အင်အားပြကာ မြို့မတောင်ကျောင်း၌ပင် အဆုံးသတ်ခဲ့သည်ဟု သိရသည်။

ထို့နောက် မြို့မတောင်ကျောင်း၌ သောင်းနှင့်ချီသော မင်းပြားမြို့လူထုကို ရခိုင်အမျိုးသားပါတီ (ANP)မှ ဦးအေးသာအောင်နှင့် ဒေါ်အေးနုစိန်တို့က (ANP) အောင်နိုင်ရေးအတွက် ဟောပြောခဲ့ကြပြီး ဟောပြောပွဲကို နေ့လည် (၂)နာရီခန့်တွင် အဆုံးသတ်ကာ လူစုခွဲခဲ့ကြသည်ဟု သိရသည်။

ယနေ့ မင်းပြားမြို့၌ ပြုလုပ်​​သော ရခိုင်အမျိုးသားပါတီ (ANP) ​အောင်​နိုင်​​ရေး အင်အားပြ လူထုချီတက် လှုပ်ရှားမှုသည် အလွန်ပင် စည်ကားခဲ့ကာ မြို့လူထု၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်ဟု ဆိုရမည် ဖြစ်ပေသည်။

မင်းပြား - သတင်း
  5 - 11 - 2015

မင်းပြားမြို့၌ ဒေါက်တာစံရွှေအောင် အောင်နိုင်ရေး အင်အားပြလှုပ်ရှားမှုပြုလုပ်

Written By Mong Bra's News on Wednesday, November 4, 2015 | 8:53 AM

မင်းပြား (နိုဝင်ဘာ ၄၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တောင်ပိုင်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မင်းပြားမြို့သား ဒေါက်တာစံရွှေအောင်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး အင်အားပြလှုပ်ရှားမှုတစ်ရပ်ကို (၄-၁၁-၂၀၁၅) ရက်နေ့က မင်းပြားမြို့၌ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

ဒေါက်တာစံရွှေအောင်၏ အောင်နိုင်ရေး အင်အားပြလူထု (၂၀၀၀)ခန့်သည် နံနက် (၉)နာရီ အချိန်ခန့်တွင် မင်းပြားမြို့၊ ကျောင်းသစ်ဘုန်းတော်ကြီး​ကျောင်းမှ စတင်ပြီး မြို့ပတ်လမ်းလျှောက် အင်အားပြကာ "ဂန္ဓဝေ" ပန်းခြံတွင် အဆုံးသတ်ခဲ့သည်ဟု သိရသည်။

ထို့နောက် နံနက် (၁၁) နာရီခန့်မှ စတင်ကာ ထိုပန်းခြံရှိ "ကမ္ဗည်းထုဆစ်ရခိုင်သမိုင်းသစ်" တေးဂီတဖျော်ဖြေကြီး စင်မြင့်ပေါ်တွင် သမိုင်းသုတေသီ ဒေါက်တာ အေးချမ်းနှင့် ဒေါက်တာ စံရွှေအောင်တို့က အမှာစကားများ ပြောကြားခဲ့ကြပြီး နာမည်ကြီး ဂီတအနုပညာရှင်များ (၂၀)ကျော်က တေးသီချင်းများစွာဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

ထိုအခမ်းအနားတွင် သမိုင်းသုတေသီ ဒေါက်တာအေးချမ်းက တိုင်းရင်းသားများ၏ လူ့အဖွဲ့အစည်းအတွက် မလိုလားအပ်သော ယဉ်ကျေးမှုများ ဝင်ရောက်လာခြင်းသည် အဆိပ်အတောက်ဖြစ်နိုင်ကြောင်း၊ လက်ရှိအနေအထားမှာ ရခိုင်လူ့အဖွဲ့အစည်းသည် နိုင်ငံတကာနှင့် ပြည်တွင်းမှာ အခြိမ်းခြောက် ခံနေရသည့်အတွက် သစ္စာတရားကို အခြေပြုလျှက် တွန်းလှန်ရန်လိုအပ်ကြောင်း၊ ရခိုင်တို့၏ သမိုင်းအသစ်ကို ရခိုင်လူမျိုးများကသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့ကို အဓိကထား ပြောကြားခဲ့သည်ဟု သိရသည်။

ဒေါက်တာစံရွှေအောင်ကလည်း "ရခိုင်တို့၏ သမိုင်အသစ်ကို ရခိုင်လူမျိုးတို့ကပဲ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့သမိုင်းသစ်ကို မိမိတို့လုပ်နိုင်ကြောင်း၊ လုပ်သည့်နေရာတွင် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ကြောင်း၊ ရခိုင်ပြည်ရှိ ရခိုင်လူမျိုးများအားလုံး၊ မြန်မာနိုင်ငံရှိ ရခိုင်လူမျိုးများအားလုံး၊ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ ရခိုင်လူမျိုးများအားလုံးက မဆုတ်မနစ်သော စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခေါင်းဆောင်များ၏ နောက်ကို ယုံကြည်စွာဖြင့်​ အမျိုးကိုချစ်သည့်စိတ်ဓာတ်နှင့် အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် တိုးတက်သည့်နိုင်ငံတိုင်းသည် အလွန်စည်းလုံးကြကြောင်း၊ အမျိုးကိုလည်း အလွန်ချစ်ကြပြီး အနာဂတ်ကိုတိုးတက်အောင် လုပ်မည်ဆိုသည့် စိတ်ဓာတ်ရှိကြကြောင်း၊ တိုးတက်အောင်လုပ်သည့်နိုင်ငံတိုင်း မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်လူမျိုးကို မျက်ကန်းမျိုးချစ်ပြီး ဒုက္ခရောက်အောင် မလုပ်ကြောင်း၊ ထို့​ကြောင့်​ ယခုအချိန်မှစပြီး ရခိုင်တစ်ပြည်လုံး မိမိတို့၏ခွန်အား မိမိတို့၏ တတ်သိပညာအားများနှင့် အားလုံးပူးပေါင်းဆောင်ရွက်ပြီး မိမိတို့ ရခိုင်လူမျိုး၏အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ထုဆစ်ကြပါဟု တိုက်တွန်းပြောကြားခဲ့ကြောင်း" သိရသည်။

အဆိုပါ အခမ်းအနားသို့ လာရောက်ကြည့်ရှု နားထောင်သူ (၅၀၀၀) ကျော်ခန့် ရှိခဲ့ကာ တေးဂီတဖျော်ဖြေပွဲလည်း အလွန်စည်ကားခဲ့ပြီး ညနေ (၅) နာရီကျော်မှ ပြီးဆုံးခဲ့သည်ဟု သိရသည်။

ထိုအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့သော သမိုင်းသုတေသီ ဒေါက်တာ အေးချမ်းသည် (၅-၁၁-၂၀၁၅) ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် မင်းပြားမြို့၊ ရာမောင်ခန်းမ၌ မင်းပြားမြို့သူ/သားများနှင့် တွေ့ဆုံဆွေးနွေးကာ စာပေဟောပြောပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

မင်းပြား - သတင်း
  4 - 11 - 2015

မင်းပြားမြို့၌ ရခိုင်အမျိုးသားပါတီ (ANP) မှ အောင်နိုင်ရေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကခုန်ကာ အင်အားပြ

Written By Mong Bra's News on Monday, November 2, 2015 | 9:34 AM

မင်းပြား (နိုဝင်ဘာ ၂၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) မှ ပါတီအောင်နိုင်ရေး သီချင်းများဖြင့် သီဆိုတီးမှုတ်ကခုန်လျှက် အင်အားပြ လှုပ်ရှားမှုတစ်ရပ်ကို (၂-၁၁-၂၀၁၅) ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

ရခိုင်အမျိုးသားပါတီ (ဗဟို)မှ ဦးဆောင်၍ မင်ပြားမြို့နယ်၊ ရခိုင်အမျိုးသားပါတီဝင်များက မော်တော်ကား (၄)စီးနှင့်အတူ မင်းပြားမြို့နယ် တောင်ပိုင်းရွာများဖြစ်ကြသည့် စွန်ရဲ ၊ ကြောင်ရှည်ချောင်း၊ ချောင်းရှည်၊ ဗလိပေါက် ရွာများသို့ အင်အားပြလှည့်လည်ကာ အောင်နိုင်ရေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကခုန် အင်အားပြခဲ့ကြကြောင်း မင်းပြားမြို့နယ်၊ ရခိုင်အမျိုးသားပါတီ ပြန်ကြားရေးတာဝန်ခံ ဦးသိန်းစံက ပြောသည်။

အဆိုပါရွာများတွင် ကျေးရွာလူထုများနှင့်တွေ့ဆုံကာ ပါတီမှ သက်ဆိုင်ရာပါတီဝင်များက ဟောပြောပွဲများ ပြုလုပ်ခဲ့ကာ လူထုထောက်ခံမှုများ ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါကျေးရွာများမှ အင်အားပြ ပြန်လာသော မင်းပြား ရခိုင်အမျိုးသားပါတီ အင်အားပြအဖွဲ့သည် ညည့် (၈)နာရီအချိန်ခန့်တွင်လည်း မင်းပြားမြို့ပေါ်၌ လှည့်လည်ကာ အောင်နိုင်ရေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကခုန်ကာ အင်အားပြခဲ့ကြသည်ဟု သိရပါသည်။

မင်းပြား - သတင်း
  2 - 11 - 2015
Photos credit: Ko Taik Aung

မင်းပြားမြို့၌ ပြည်ခိုင်ဖြိုးပါတီ မြို့ပတ်လှည်လည် အင်အားပြပြီး လူထုတွေ့ဆုံပွဲပြုလုပ်

မင်းပြား (နိုဝင်ဘာ ၂၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အင်အားပြ မြို့ကိုလှည့်ပတ်ပြီး လူထုတွေ့ဆုံပွဲတစ်ရပ်ကို (၂-၁၁-၂၀၁၅) ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မင်းပြားမြို့ပေါ်တွင် မော်တော်ကား (၃၁)စီး၊ သုံးဘီးဆိုင်ကယ် (၁၃)စီးဖြင့် အင်အားပြ မြို့ပတ်လှည့်လည်မှုကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်းနောက် မင်းပြားမြို့နယ်၊ နရမ်းကျေးရွာ၌ လူထုတွေ့ဆုံပွဲကို နံနက် (၁၁) နာရီခန့်မှ နေ့လည် (၁)နာရီအချိန်ခန့်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုလူထုတွေ့ဆုံပွဲအခမ်းအနားတွင် ရခိုင်ပြည် ဝန်ကြီးချုပ် (ငြိမ်း) ဦးမောင်မောင်အုန်း တက်ရောက် ဟောပြောဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် မင်းပြားမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဒေါက်တာစံရွှေအောင်၊ ဦးဦးဘသိန်း၊ ဦးမောင်မောင်ထွန်း၊ ဦးသခင်ချို တို့ကလည်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကြောင်း မင်းပြားမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မတီဝင် ဦးမောင်သိန်းကျော်က ပြောသည်။

ထိုလူထုတွေ့ဆုံပွဲသို့ လူအင်အား (၆၀၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းပြား - သတင်း
  2 - 11 - 2015

မင်းပြားမြို့တွင် အခမဲ့ တေးဂီတဖျော်ဖြေပွဲနှင့် ဒေါက်တာအေးချမ်း၏ ဟောပြောပွဲ ပြုလုပ်မည်

Written By Mong Bra's News on Saturday, October 31, 2015 | 1:25 PM

မင်းပြား (နိုဝင်ဘာ ၁၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ရေဘေးသင့်ပြည်သူများ စိတ်ရွှင်လန်း အပန်းဖြေစေရန် ရည်ရွယ်ပြီး (အခမဲ့) တေးဂီတဖျော်ဖြေပွဲနှင့် ဒေါက်တာအေးချမ်း (သမိုင်းသုတေသီ) ဟောပြောပွဲကို (၄-၁၁-၂၀၁၅) ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိပါသည်။

တေးဂီတဖျော်ဖြေပွဲကို ၎င်းနေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်း (သမိုင်းသုတေသီ) ဟောပြောပွဲကို နေ့လည်ပိုင်းတွင် လည်းကောင်း၊ ပြုလုပ်ကျင်းပရန် စီစဉ်ထားကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရန်အတွက် ဦးဆောင်စီစဉ်နေသူ ကိုကျော်ရှိန်က ပြောသည်။

" တေးဂီတဖျော်ဖြေပွဲကို မနက်ပိုင်းလုပ်မယ်၊ သမိုင်းသုတေသီ ဒေါက်တာအေးချမ်း ဟောပြောပွဲကို နေ့လည်ပိုင်း လုပ်မယ် ဆိုပြီးတော့ စီစဉ်ထားပါတယ်။ နေရာက မင်းပြားမြို့၊ ရာမောင်ခန်းမနောက်က ဂန္ဓဝေပန်းခြံထဲမှာ လုပ်မှာပါ။ ဒါပေမယ့် အခု မိုးလေဝသအခြေအနေအရ အဲဒီနေ့မှာ မိုးရွာခဲ့လို့ရှိရင် ရာမောင်ခန်းမထဲမှာလုပ်ဖို့ စီစဉ်ထားပါတယ်။ ဝင်ကြေးပေးစရာမလိုပါဘူး။ မင်းပြားမြို့သူ/သားတွေ စိတ်လွတ်လပ်စွာ အပန်းဖြေ ပျော်ရွှင်စေဖို့ ကျနော်တို့ မင်းပြားမြို့သား စေတနာရှင်များက ကမကထ ဆောင်ရွက်ပေးကြတာပါ။ " ဟု ကိုကျော်ရှိန်က ဆိုပါသည်။

၎င်းနေ့ နံနက်ပိုင်းတွင် Wall Of West (WOW) Music Band နှင့်အတူ နာမည်ကြီး ဂီတအနုပညာရှင်များ ဖြစ်ကြသော နိုင်းနိုင်း၊ ညီမင်းခိုင်​၊ မြတ်ခိုင်ကျော်၊ စစ်နိုင် ၊ ရဲလင်းအောင်၊ Lကိုလင်း၊ ထွဋ်ထွဋ် ၊ ခိုင်မင်းဟိန်း၊ ထွန်းထွန်း၊ မောင်ကိုကို ၊ ခိုင်ပြည်ကျော်၊ ခိုင်ဖိုးထူး၊ မိုင်၊ ရတနာမိုင် ၊ မိုးယုစံ၊ ရီလှိုင်းပြာ၊ စောနှင်းနွယ်၊ဒိုးကလေး၊ ပန်းအိနွယ် စသည့် ဂီတအနုပညာရှင် (၂၀) ခန့်က ​တေးသီချင်းများစွာ သီဆိုဖျော်ဖြေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် ဒေါက်တာအေးချမ်း (သမိုင်းသုတေသီ) က "ရခိုင်သမိုင်းက ပေးအပ်သောတာဝန်" ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဟု သိရပါသည်။

" မင်းပြားမှာ အခုလိုမျိုး တေးဂီတဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားတာ ကြာနေပါပြီ။ သီတင်းကျွတ်မှာ လုပ်မလို့ Band က မအားသေးတာနဲ့ ဒီ နိုဝင်ဘာလ (၄)ရက်နေ့မှ လုပ်ဖို့ ဖြစ်သွားတာပါ။ Wall Of West (WOW) Music Band နဲ့ ဂီတအနုပညာရှင် တော်တော်များများက စေတနာ၊ မေတ္တာနဲ့ လာရောက် သီဆိုဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။ ဒီပွဲဖြစ်မြောက်ဖို့အတွက် ကျနော်တို့ Company နဲ့ ကျနော့မိတ်ဆွေ Company တွေက ပံ့ပိုးပေးကြမှာပါ။ မင်းပြားမြို့က လူငယ်တွေကိုလည်း ဝိုင်းဝန်းကူညီပေးဖို့ အကူအညီတောင်းထားပါတယ်။ " ဟု ကိုကျော်ရှိန်က ပြောသည်။

မင်းပြား - သတင်း
  1 - 11 - 2015
Photo credit: Praw Pra May

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် MPT အင်တာနက် ဆက်သွယ်ရေး အသုံးပြု၍မရနိုင်လောက်အောင် ဆိုးရွားနေ

Written By Mong Bra's News on Monday, October 26, 2015 | 6:06 AM

မင်းပြား (အောက်တိုဘာ ၂၆၊ ၂၀၁၅)

ရခိုင်ပြည်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လွန်ခဲ့သော စက်တင်ဘာလ ကတည်းက MPT အင်တာနက် ဆက်သွယ်ရေး အသုံးပြု၍မရနိုင်လောက်အောင် လွန်စွာဆိုးရွားလျှက်ရှိရာ MPT တစ်ခုတည်းကို အားကိုးနေကြရသော မင်းပြားမြို့နယ်ရှိ ပြည်သူများက MPT အား လွန်စွာစိတ်ပျက်နေကြသည်ဟု သိရပါသည်။

မင်းပြားမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုက္ကရိုဝေ့စခန်း၌ ယခုလက်ရှိတွင် ကျိန်းတောင်ပေါ်ရှိ GSM တာဝါတိုင်နှင့် သူဌေးကုန်း ကျေးရွာအနီး တာဝါတိုင် (၂)ခုသာရှိပြီး အဆိုပါတာဝါတိုင် (၂)ခုမှ E1(၈)လိုင်းကို အသုံးပြုလျှက်ရှိကာ MPT သုံးစွဲသူမျာပြားလာသည်နှင့်အမျှ အဝေးလိုင်း ကျပ်တည်းခြင်း၊ Out of Service Area မကြာခဏဖြစ်နေခြင်း၊ အင်တာနက်အမြန်နှုန်း အသုံးပြု၍မရနိုင်​​လောက်​​အောင်​ နှေးလွန်းခြင်း စသော ဆက်သွယ်ရေး အခက်အခဲများ ရှိနေခြင်းဖြစ်ကြောင်း မင်းပြား မိုက္ကရိုဝေ့စခန်းမှ တာဝန်ခံ ဦးထွန်းအေးကျော် ပြောကြားချက်​အရ သိရသည်။

" မင်းပြားမြို့နယ်မှာ MPT အတွက် လက်ရှိ ဆက်သွယ်ရေးတာဝါတိုင် (၂)ခု ရှိပါတယ်။ သုံးစွဲသူတွေ များလာတဲ့အတွက် ဆက်သွယ်ရေး ကောင်းမွန်စေဖို့ နောက်ထပ် တာဝါတိုင် (၂)ခုကို မင်းပြားမြို့ပေါ် ပြည်တော်လှရပ်ကွက်နဲ့ သံထောင်ရပ်တွေမာ စိုက်ထူဖို့ဆောင်ရွက်နေပါတယ်။ ဒီလို ဆက်သွယ်ရေးတာဝါတိုင်တွေကို လူနေရပ်ကွက်ထဲ စိုက်ထူတာနဲ့ပတ်သက်ပြီး မိုးကြိုးပစ်ခံရနိုင်တယ်၊ တာဝါတိုင်ပြိုလဲနိုင်တယ်၊ လူတို့ရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ ရပ်ကွက်နေ ပြည်သူတစ်ချို့က ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းချက်အရ အဆင်ပြေသွားရင် မကြာခင်မှာ ဒီတာဝါတိုင် (၂)ခုကို စိုက်ထူပြီး MPT ရဲ့ ဆက်သွယ်ရေးကို လက်ရှိအခြေအနေထက် ပိုပြီး ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ " ဟု မင်းပြား မိုက္ကရိုဝေ့စခန်းမှ တာဝန်ခံ ဦးထွန်းအေးကျော်က ဆိုသည်။

" လက်ရှိအခြေအနေအရ မင်းပြားမြို့နယ်မှာ MPT သုံးစွဲသူတွေ အလွန်များပြားလာတဲ့အတွက် GSM တာဝါတိုင် (၂)ခု၊ E1 လိုင်းတွေနဲ့ အဆင်မပြေနိုင်တော့ဘူး။ ပြောရမယ်ဆိုရင် E1 လိုင်းတွေက ခေတ်မမီတော့ဘူး။ အခုဆိုရင် မြို့တော်တော်များများမှာ E1 လိုင်း​တွေကို အသုံးမပြု​တော့ဘဲ E1 လိုင်းအစား GBE Microwave Radio Links ပေါ်မှာ အသုံးပြုလို့ရနိုင်တဲ့ FE လိုင်းကို သုံး​နေကြပါပြီ။ ဒါ​ကြောင့်​ မင်းပြားမြို့နယ်မှာလည်း E1 လိုင်းအစား FE လိုင်း​တွေ အဆင့်​မြင့်​ တပ်ဆင်သင့်ပါပြီ။  မင်းပြားမြို့နယ်ရဲ့ MPT အင်တာနက် အမြန်နှုန်း နှေးကွေးတဲ့ အခြေအနေတွေနဲ့ အဝေးလိုင်းကျပ် Out of Service Area ဖြစ်နေတဲ့ အခြေအနေတွေကို ပြည်နယ်ဆက်သွယ်ရေးက တာဝန်ရှိ လူကြီးတွေသိနိုင်အောင် တင်ပြပေးထားပါတယ်။ အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောပါတယ်။ " ဟု မင်းပြား မိုက္ကရိုဝေ့စခန်းမှ ဦးထွန်းဝင်းက ဆိုပါသည်။

ရခိုင်ပြည်၊ GBE ဆက်ကြောင်းတာဝန်ခံအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ မင်းပြားမြို့ MPT ဆက်သွယ်ရေး ဆိုးရွားနေမှုကို အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း၊ အဆင့်မြင့်တင် ပြင်ဆင်ပေးနိုင်မည့် အချိန်ကာလအား သိခွင့်ရရန်အတွက် ဆက်လက်မေးမြန်းခဲ့ရာ ဖုန်းလိုင်းပြတ်တောက်သွားသည့်အတွက် မသိရှိနိုင်ခဲ့ပါ။

မင်းပြားမြို့နယ်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ MPT မှ 3G ကွန်ယက်ကို တိုးချဲ့တပ်ဆင် အသုံးပြုလျှက်ရှိကြရာ ယခုအခါ မင်းပြားမြို့နယ်ရှိ ပြည်သူအားလုံး အားထားနေကြရသော MPT ၏ အင်တာနက် အမြန်​နှုန်း နှေးကွေးလာခြင်း၊ အဝေးလိုင်း ကျပ်တည်းခြင်း၊ Out of Service Area မကြာခဏ ဖြစ်နေခြင်းတို့ကို အဆင်ပြေ ကောင်းမွန်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် လိုလားလျှက် ရှိနေကြသည်။

MPT နှင့်အပြိုင် တယ်လီနော ကလည်း မင်းပြားမြို့နယ်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း 2G ကွန်ယက်ကို စတင်အသုံးပြုခွင့် ပေးလျှက်ရှိရာ လက်ရှိတွင် အင်တာနက် ဆက်သွယ်ရေး အလွန်နှေးကွေးနေသည့် MPT ကို အသုံးပြုနေကြသော မင်းပြားမြို့နယ်ရှိုပြည်သူများသည် တယ်လီနော ကို စတင် အသုံးပြုရန် စိတ်အားထက်သန်နေကြကြောင်း သိရသည်။

မင်းပြား - သတင်း
26 - 10 - 2015

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် မင်းပြားမြို့ ပြည်သူလူထုနှင့် တွေ့ဆုံ

Written By Mong Bra's News on Monday, October 5, 2015 | 10:35 PM

မင်းပြား (အောက်တိုဘာ ၅၊ ၂၀၁၅)

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် မင်းပြားမြို့ ပြည်သူလူထု တွေ့ဆုံပွဲ အခမ်းအနားကို (၅-၁၀-၂၀၁၅) ရက် နေ့လည် (၁၂) နာရီ အချိန်ခန့်က  မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံ၌ ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။

ယခု ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီက အပြတ်အသတ် အနိုင်ရရှိရန် ကြိုးပမ်းလျှက်ရှိရာ ရခိုင်ပြည် မြို့နယ်များသို့ လှည့်လည် မဲဆွယ်စည်းရုံးနေသည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား မင်းပြားမြို့သူ/သား နယ်သူ/သားများက တခဲနက် ကြိုဆိုခဲ့ကြပြီး ထိုတွေ့ဆုံပွဲအခမ်းအနားသို့ လူပေါင်း (၃)ထောင်ကျော်ခန့် တက်ရောက် အားပေးခဲ့ကြသည်ဟု မင်းပြားမြို့ ၊ရခိုင်အမျိုးသားပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးသိန်းစံက ဆိုသည်။

အဆိုပါ အခမ်းအနားတွင် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရခိုင်အမျိုးသားပါတီ၏ အန္တိမရည်မှန်းချက် (၃) ရပ်ဖြစ်သော (၁) စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။ (၂) ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စုများ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆိုပါ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး။ (၃) ဒီမိုကရေစီစနစ် ထွန်းကားရေး စသည်တို့ကို ရှင်းပြကာ ၎င်းရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ် (၁၈) ရပ်ကို အကျယ်တဝင့် ရှင်းပြခဲ့သည်ဟု သိရသည်။

မင်းပြား - သတင်း
  5 - 10 - 2015
Photos Credit>> မင်း ဒုံးညို

မင်းပြားမြို့နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်း

Written By Mong Bra's News on Monday, September 7, 2015 | 3:26 PM

မင်းပြား (စက်တင်ဘာ ၇၊ ၂၀၁၅)

      (၈-၁၁-၂၀၁၅) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ရခိုင်ပြည်၊ မင်းပြားမြို့နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများစာရင်းမှာ အောက်ပါအတိုင်းဖြစ်​ကြောင်း သိရပါသည်။

မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
***********************
၁။ ဒေါ်ကျားမခိုင်
     တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၂။ ဦးစံကျော်
     ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

၃။ ဦးစစ်နိုင်
     ရခိုင်အမျိုးသားပါတီ

၎။ ဦးတင်အေး
     ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ

၅။ ဦးမောင်ကျော်ငြိမ်း
     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၆။ ဦးသခင်ချို
     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မင်းပြား+မြေပုံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆)
**********************
၁။ ဦးစံလှကျော်
     ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၂။ ဦးမောင်ကျော်ဇံ
     တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၃။ ဦးမောင်မြင့်ရွှေ
     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၎။ ဦးဦးဘသိန်း
     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

၅။ ဦးအေးသာအောင်
     ရခိုင်အမျိုးသားပါတီ

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)
*******************
၁။ ဦးမောင်ကျော်ဇံ
     တစ်သီးပုဂ္ဂလ

၂။ ဦးမောင်ကျော်မြ
     တစ်သီးပုဂ္ဂလ

၃။ ဦးမောင်နုချေ
     တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၎။ ဦးမောင်မောင်ထွန်း
     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

၅။ ဦးမျိုးမင်းအောင်
     တစ်သီးပုဂ္ဂလ

၆။ ဦးလှကျော်မောင်
     ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

၇။ ဦးလှသိန်းအောင်
     ရခိုင်အမျိုးသားပါတီ

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)
*******************
၁။ ဦးကြာအောင်
     ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ

၂။ Dr.ခင်မောင်ဝင်း
     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၃။ ဒေါက်တာ စံရွှေအောင်
     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

၎။ ဦးထွန်းဦးကျော်
     တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၅။ ဦးလှအောင်ညွန့်
     ရခိုင်အမျိုးသားပါတီ

ရခိုင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (ချင်းတိုင်းရင်းသားလူမျိုး)
******************
၁။ ဦးကိုကိုနိုင်        (ချင်းတိုင်းရင်းသား)
၂။ ဦးကြီးအောင်     (ချင်းတိုင်းရင်းသား)
၃။ ဦးပုန်ဘွေ           (ချင်းတိုင်းရင်းသား)
၎။ ဒေါ်ခိုင်စုစုလှိုင်   (ချင်းတိုင်းရင်းသား)
၅။ ဦးသန်းထွန်း       (ချင်းတိုင်းရင်းသား)

အထက်ပါ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များမှ (၄-၉-၂၀၁၅) ရက်နေ့က ထုတ်ပြန်ကြော်ငြာထားသည့် စာရင်းများဖြစ်​ပါသည်။

မဲဆန္ဒနယ်အလိုက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်နှင့် မှတ်ပုံတင်အမှတ်၊ ကိုယ်စားပြုပါတီအမည်၊ ကိုယ်စားပြုပါတီ (သို့မဟုတ်) တစ်သီးပုဂ္ဂလ အမှတ်အသား၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ နေရပ်လိပ်စာများကို အောက်ဖော်ပြပါ ပုံများ၌ အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

မင်းပြား - သတင်း
   7 - 9 - 2015

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger