April 2016 - မင်းပြား - သတင်း
Headlines News :

ကျိန်းတောင်ပေါ်ရှိ အမှိုက်များကို Mongbra Youth Association (MBYA) မင်းပြားလူငယ်များအဖွဲ့မှ ရှင်းလင်း

Written By Mong Bra's News on Saturday, April 30, 2016 | 10:46 PM

မင်းပြား (May 01, 2016)

မင်းပြားမြို့၊ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်အပြီး ကျန်ရစ်သော အမှိုက်များကို Mongbra Youth Association (MBYA)မှ လူငယ် (၃၀) က (၁-၅-၂၀၁၆) ယနေ့ နံနက်ပိုင်းက ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ကျိန်းတောင်ဇိဝှါဓာတ်တော် ဘုရားရင်ပြင်နှင့် အနီးဝန်းကျင်၊ လေခံပေါက်နှင့် ကျင်ကွင်းမှ အမှိုက်များကို ရှင်းလင်းနိုင်ခဲ့သည်ဟု MBYA မှ ဥက္ကဋ္ဌ ကိုဖြိုးကိုမောင် ကပြောသည်။

အဆိုပါ MBYA မှ လူငယ်များသည် ယခုလာမည့် တနင်္ဂနွေနေ့တွင်လည်း ကျိန်းတောင်ပေါ်ရှိ ဇာတ်ကွင်းနှင့် ထမင်းဆိုင်တန်း နေရာများရှိ အမှိုက်များကို ရှင်းလင်းရန် လျာထားကြောင်း သိရသည်။

မင်းပြား - သတင်း
01 . 05 . 2016

Photo: Nyein Chan Kyaw

Mongbra Youth Association (MBYA) မင်းပြားလူငယ်များအဖွဲ့ကို အတည်​ပြုဖွဲ့စည်း

မင်းပြား (April 30, 2016)

ရခိုင်ပြည် မင်းပြားမြို့၌ Mongbra Youth Association (MBYA) မင်းပြားလူငယ်များအဖွဲ့ကို (၃၀-၄-၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းက မင်းပြားမြို့နယ်ဓမ္မာရုံ၌ ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် အဖွဲ့ဝင်လူငယ် (၅၁)ဦးဖြင့် အတည်ပြု ဖွဲ့စည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဖွဲ့၏ အဓိကရည်​ရွယ်​ချက်​မှာ မင်းပြားမြို့နယ်၏ ဖွံ့ဖြိုးတိုးတက်​ရေး လုပ်ငန်းများတွင် လူငယ်များ တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရန်ဖြစ်သည်ဟု သိရသည်။

အဆိုပါ Mongbra Youth Association (MBYA) မှ လူငယ်များသည် (၁-၅-၂၀၁၆) ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော် အပြီး ကျန်ရစ်ခဲ့သည့် အမှိုက်များကို ရှင်းလင်းသွားမည်ဟု သိရသည်။

��������������������

မင်းပြားမြို့၏ အနာဂတ်အတွက် အားထားရမည့် Mongbra Youth Association (MBYA) ကို အတည်ပြုဖွဲ့စည်းနိုင်ခဲ့သည့်အတွက် MBYA မှ လူငယ်များကို လေးစားအားကိုးပါကြောင်းနှင့် မင်းပြားမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆထက်တပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မင်းပြား - သတင်း
01 . 05 . 2016

မင်းပြားမြို့နယ်မှ အလှူရှင်များက စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန် သွားရောက်မည်

မင်းပြား (April 30, 2016)

၂၀၁၆ ခုနှစ် ဧပြီလအတွင်းက ရက္ခိုင့်တပ်မတော် (AA)နှင့် မြန်မာ့တပ်မတော်တို့ ရခိုင်ပြည်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် နေရပ်စွန့်ခွါလာနေကြရသည့် စစ်ဘေးရှောင် ပြည်သူများအား မင်းပြားမြို့မှ အလှူရှင်များက အစားအစာရိက္ခာများ ကူညီထောက်ပံ့ပေးရန် (၁-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်မည်ဟု သတင်းရရှိပါသည်။

ရခိုင်ပြည်မြောက်ပိုင်း ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာ ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ကာ စားနပ်ရိက္ခာများ ကူညီထောက်ပံ့သွားမည်ဟု "ဇ"ဖောင်းဒေးရှင်းမှ ကိုကောင်းမြတ်ကျော် ကဆိုသည်။

"အဓိက ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေက စစ်ဘေးရှောင် ပြည်သူတွေအတွက် ကျွန်တော်တို့ မင်းပြားမြို့က အလှူရှင်တွေဆီက ထည့်ဝင်လှူဒါန်းထားတဲ့ ငွေတွေကို ကိုယ်တိုင် သွားပြီး ထောက်ပံ့ပေးဖို့ လုပ်ထားပါတယ်။ မင်းပြား စည်း/ထိန်း သံဃာအဖွဲ့နဲ့ ကျွန်တော်တို့ ဇ-ဖောင်ဒေးရှင်းအဖွဲ့က ဦးဆောင်ပြီး မြို့ပေါ်က ပရဟိတ လူကြီး/ငယ်တွေနဲ့ မြို့ပတ် အလှူခံထားပါတယ်။ မင်းပြားမြို့က အလှူရှင်တွေ ထည့်ဝင်လှူဒါန်းငွေက (၃၄၆၅၀၅၀ိ/-) ကျပ်သုံးဆယ့်လေးသိန်း ခြောက်သောင်းငါးထောင် ငါးဆယ်တိတိ၊ မင်းပြား စည်း/ထိန်း သံဃာအဖွဲ့က (၇)သိန်း၊ ကျွန်တော်တို့ ဇ-ဖောင်ဒေးရှင်းနဲ့ အလှူရှင်တွေ စုပေါင်းပြီး (၇)သိန်း၊ စုစုပေါင်း ကျပ် (၄၈)သိန်းကျော်ကို ကူညီထောက်ပံ့သွားမှာပါ။" ဟု ကိုကောင်းမြတ်ကျော် ကဆိုသည်။

စစ်ဘေးကြောင့် နေရပ်စွန့်ခွါနေကြရသည့် စစ်ဘေးရှောင် ပြည်သူများမှာ ယ​နေ့အထိ (၂၀၀၀) နီးပါးရှိလာပြီး စားနပ်ရိက္ခာနှင့် အဝတ်အစား ဆေးဝါးပစ္စည်း လိုအပ်ချက်များစွာ ရှိနေသဖြင့် ယခုကဲ့သို့ နီးစပ်ရာ မြို့နယ်များမှ ကူညီထောက်ပံ့ပေးနေကြခြင်း ဖြစ်သည်။

မင်းပြား - သတင်း
30 . 04 . 2016

ရခိုင်ပြည်အတွင်း စစ်ပွဲများရပ်တန့်ပေးရန် မင်းပြားမြို့၌ ဆန္ဒဖော်ထုတ်မည်

မင်းပြား (April 30, 2016)

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်ဘေးရှောင် ပြည်သူများ ထောင်နှင့်ချီ၍ များပြားလာခဲ့ရာ စစ်ပွဲများ ရပ်တန့်ပေးရန်အတွက် မင်းပြားမြို့၌ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို ပြုလုပ်သွားမည်ဟု သတင်းရရှိပါသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို (၁-၅-၂၀၁၆) တနင်္ဂနွေနေ့ နေ့လည် (၁၁)နာရီအချိန်တွင် မင်းပြားမြို့နယ်ဓမ္မာရုံ၌ စုရုံးပြီး မြို့ပတ်လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်သွားမည်ဟု သိရသည်။

မင်းပြား - သတင်း
30 . 04 . 2016

မင်းပြားမြို့နယ်ရှိ ရာမောင်ကြိုးတံတားကို ပြုပြင်မည်ဖြစ်၍ အချိန်ကန့်သတ်ချက်ဖြင့်သာ တံတားဖြတ်သန်းခွင့်ပြုမည်

Written By Mong Bra's News on Thursday, April 28, 2016 | 8:11 AM

မင်းပြား (April 28, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ရာမောင်ကြိုးတံတားကို ပြုပြင်မည်ဖြစ်၍ အချိန်ကန့်သတ်ချက်ဖြင့်သာ တံတားဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တံတားပြုပြင်နေစဉ်အတွင်း နေ့စဉ် မွန်းလွဲ (၂)နာရီမှ ညနေ (၅)နာရီအထိလည်းကောင်း၊ ည(၉)နာရီမှ ည(၁၁)နာရီအထိလည်းကောင်း မည်သည့်ယာဉ်မှ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါ တံတားအား တာဝန်ယူပြင်ဆင်မည့် တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းက ဆိုသည်။

"ဒီကြိုးတံတားကို အကြီးစားပြင်ဆင်မှု လုပ်ရမှာ ဖြစ်ပါတယ်။ ပထမဆုံး ဒီတံတားကို တည်ဆောက်တုန်းက ရခိုင်ဒေသက အခုအချိန်လောက် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတော့ ၆ ဘီးကားတွေ ဖြတ်သန်းဖို့လောက် ထည့်တွက်ခဲ့ပုံ ရပါတယ်။ အခုတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုလည်း ဖွံ့ဖြိုးလာတော့ ၁၂ ဘီးကားတွေ ကုန်အပြည့်နဲ့ နေ့စဉ် တန်ပေါင်းများစွာ တင်ဆောင်ပြီး ဖြတ်သန်းသွားလာနေကြတဲ့အတွက် ဒီတံတားကို ကြံ့ခိုင်မှုရှိအောင် ပြန်လည်ပြင်ဆင်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ပြင်ဆင်ပြီးစီးနိုင်မယ့် ကြာချိန်ကတော့ လိုအပ်တဲ့ပစ္စည်းတွေကို ကုမ္ပဏီတွေက ထုတ်လုပ်ပေးနိုင်မှုပေါ်မှာ မူတယ်ပါတယ်။" ဟု တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်း ကပြောသည်။

ရာမောင်ကြိုးတံတားသည် လေးမြို့မြစ် (ရာမောင်မြစ်)ကို ဖြတ်ကူး တည်ဆောက်ထားသည့် တံတားကြီးတစ်စင်းဖြစ်ပြီး  တံတားပြုပြင်နေစဉ် ကာလအတွင်း ခရီးသည်တင် မော်တော်ကားများနှင့်​ ကုန်တင်ကားကြီးများကို လာမည့် မေလဆန်းမှစတင်၍ ဇက် ၂ စီးဖြင့် ပို့ဆောင် ကူးတို့ကူးပေးမည်ဟု သိရသည်။ တံတားကို နေ့စဉ် အချိန်ပြည့် ပြုပြင်ဆောင်ရွက်နေမည်ဖြစ်ပြီး တံတားပိတ်ချိန်မှလွဲ၍ ကျန်အချိန်များတွင်မူ လူနှင့် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုပေးနိုင်မည်ဟု သိရသည်။

မင်းပြားမြို့နယ်ရှိ ရာမောင်ကြိုးတံတားသည် ရန်ကုန်-စစ်တွေကားလမ်းရှိ အဓိက တံတားကြီးတစ်စင်းဖြစ်ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့က တံတားဖွင့်လှစ်၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

မင်းပြား - သတင်း
28 . 04 . 2016

မင်းပြားမြို့ ဘာခံရေကန်၌ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးမှုကြောင့် ရပ်ကွက်သူ/သားများ ရေအခက်အခဲနှင့် ရင်ဆိုင်နေရ

Written By Mong Bra's News on Wednesday, April 27, 2016 | 9:21 AM

မင်းပြား (April 27, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဘာခံရေကန်ထဲ၌ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ ထိုရပ်ကွက်နေပြည်သူများမှာ ရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ရေနစ်သေဆုံးသည့် အမျိုးသမီးမှာ အဆိုပါ မြို့သစ်ရပ်ကွက်မှ အသက် (၂၀) အရွယ်ခန့်ရှိသည့် မအေးအေး (ခ) အေးအေးမွှေး ဆိုသူဖြစ်ပြီး ၎င်းသည် လွန်ခဲ့သည့် ၃ ရက်ခန့်က နေအိမ်မှ ပျောက်ဆုံးသွားခဲ့ရာ ယနေ့ (၂၇-၄-၂၀၁၆) နံနက်ပိုင်းအချိန်က ၎င်းအား ထိုရေကန်ထဲအလယ်၌ ပေါလောမျောနေသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး ရေကန်ထဲရေနစ် သေဆုံးခဲ့သည့်အတွက် ထိုရေကန်မှ ရေကို ရပ်ကွက်နေပြည်သူများ သုံးစွဲလိုစိတ်မရှိတော့သည့်အတွက်ကြောင့် သုံးစွဲရန်ရေအခက်အခဲ ရှိနေသဖြင့် ရေဘောက်ဆာကား ၂ စီးဖြင့် ရပ်ကွက်ရေလှောင်ကန်များမှတစ်ဆင့် ရေဖြန့်ဝေပေးနေရသည်ဟု ၎င်းရပ်​ကွက်​မှ ပြည်​သူတစ်​ဦးက ဆိုသည်။

မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်တွင် ရေကို အဓိကအားထားနေရသည့် ရေကန်မှာ အဆိုပါ အမျိုးသမီးရေနစ်ခဲ့သည့် ဘာခံရေကန်ပင်ဖြစ်ပြီး ရေရှိသော်လည်း ရှိသည့်ရေကို ပြည်သူများ သုံးစွဲရန် မလိုလားသည့်အတွက် နွေရာသီ ရေရှားမှုနှင့် မရင်ဆိုင်ရမီအချိန်ကပင် ၎င်းရပ်ကွက်မှ ပြည်သူများ ရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မင်းပြား - သတင်း
27 . 04 . 2016

ရခိုင်စစ်ဘေးရှောင်ပြည်သူများအတွက် မင်းပြားမြို့ ဓမ္မာရုံ၌ အလှူခံဌာန ဖွင့်လှစ်မည်

မင်းပြား (April 27, 2016)

၂၀၁၆ ခုနှစ် ဧပြီလအတွင်း ရခိုင်ပြည်မြောက်ပိုင်း၌ ဖြစ်ပွားလျှက်ရှိသည့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွါကာ စစ်ဘေးတိန်းရှောင်​ နေကြရသည့် ရခိုင်ပြည်သူ/သားများအတွက် မင်းပြားမြို့ဓမ္မာရုံ၌ အလှူလက်ခံဌာနဖွင့်လှစ်ကာ အစားအစာရိက္ခာ ပစ္စည်းများကို လက်ခံသွားမည်ဟု သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအား အစားအစာရိက္ခာ အဝတ်အထည်များ ကူညီထောက်ပံ့နိုင်ရေးအတွက် စည်းထိန်းနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့၊ ဇ-ဖောင်ဒေးရှင်း၊ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့နှင့် မင်းပြားမြို့မှ ပရဟိတ လူကြီး/ငယ်များ စုပေါင်း၍ မင်းပြားမြို့ပေါ်ရှိ စေတနာရှင်များထံမှ (၂၇-၄-၂၀၁၆) ရက်နေ့က အလှူငွေများကောက်ခံခဲ့ရာ ကျပ် (၂၂)သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

၎င်းအပြင် မင်းပြားမြို့နယ် ဓမ္မာရုံကြီး၌ (၂၈-၄-၂၀၁၆) ရက်နေ့မှ စတင်၍ စစ်ဘေးရှောင် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် အလှူလက်ခံဌာန ဖွင့်လှစ်ကာ အစားအစာရိက္ခာ၊ အဝတ်အထည်များ၊ အလှူငွေများ လက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ဆောင်မှု၌ ဦးဆောင်ပါဝင်သည့် ဦးသိန်းစံ ပြောကြားချက်အရ သိရသည်။

"စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒီနေ့ မင်းပြားမြို့ပေါ်မှာ ကျွန်တော်တို့ အလှူငွေများ ကောက်ခံခဲ့ပါတယ်။ မနက်ဖြန် ၂၈ ရက်နေ့ကစပြီး မြို့နယ်ဓမ္မာရုံမှာ အလှူခံဌာန ဖွင့်လှစ်ပြီး စားနပ်ရိက္ခာပစ္စည်းတွေ လက်ခံသွားပါမယ်။ ဒါကြောင့် မိမိတို့ တတ်နိုင်သလောက် တာရှည်ခံ အစားအစာတွေ၊ အဝတ်အထည်တွေနဲ့ အလှူငွေတွေကို မြို့နယ်ဓမ္မာရုံသို့ လာရောက်လှူဒါန်းပေးကြဖို့ မင်းပြားမြို့သူ/သားတွေကို ပြောချင်ပါတယ်။" ဟု ဇ-ဖောင်ဒေးရှင်းမှ ကိုမြတ်စိုးကျော် ကပြောသည်။

ယခု အစီအစဉ်တွက် ဦးဆောင်လှုပ်ရှားနေကြသည့် မင်းပြား စည်း/ထိန်းနှင့် ရဟန်းတော်များအဖွဲ့၊ ဇ-ဖောင်ဒေးရှင်း နှင့် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ တို့သည် ၎င်းတို့၏ အဖွဲ့ အလှူငွေများကို စစ်ဘေးရှောင်များအတွက် လှူဒါန်းသွားမည်ဖြစ်ပြီး မင်းပြားမြို့မှ ကောက်ခံရရှိထားသည့် အလှူငွေများနှင့် အစားအစာရိက္ခာပစ္စည်းများကိုမူ မင်းပြားမြို့သူ/သားများအလှူအဖြစ် စစ်ဘေးရှောင်ပြည်သူ/သားများအား ထောက်ပံ့လှူဒါန်းသွားမည်ဟု ကိုမြတ်စိုးကျော် ကဆိုသည်။

ရခိုင်စစ်ဘေးရှောင်ပြည်သူ/သားများအား ကူညီထောက်ပံ့ပေးမည့် မင်းပြားမြို့မှ အဆိုပါ လူမှုအဖွဲ့အစည်းများသည် ယခုလ (၃၀) ရက်နေ့တွင် စစ်ဘေးရှောင်ပြည်​သူများအား အစားအစာရိက္ခာများ ကူညီထောက်ပံ့ပေးနိုင်ရန် စစ်ဘေးရှောင်များ ယာယီခိုလှုံရာ ဒေသများသို့ သွားရောက်မည်ဖြစ်သည်။

မင်းပြား - သတင်း
27 . 04 . 2016

Mongbra Youth Association (MBYA) "မင်းပြားလူငယ်များအဖွဲ့အစည်း" ကို အတည်ပြု ဖွဲ့စည်းမည်

Written By Mong Bra's News on Tuesday, April 26, 2016 | 10:22 AM

မင်းပြား (April 26, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး Mongbra Youth Association (MBYA) "မင်းပြားလူငယ်များအဖွဲ့အစည်း" ကို အတည်ပြု ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

မင်းပြားမြို့မှ တက်ကြွလူငယ် ၃၀ ခန့်ဖြင့် (၁၉-၄-၂၀၁၆) ရက်နေ့က Mongbra Youth Association (ယာယီ)ကို စတင်ဖွဲ့စည်းခဲ့ပြီး ယခု မင်းပြားမြို့မှ လူငယ်ထုများ အားလုံးပါဝင်နိုင်မည့် "မင်းပြားလူငယ်များအဖွဲ့အစည်း" ကို အခိုင်အမာ ဖွဲ့စည်းနိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို (၃၀-၄-၂၀၁၆)ရက်​​နေ့တွင်​ ပြုလုပ်သွားမည်ဟု သိရသည်။

သို့ဖြစ်ပါ၍ "မင်းပြားလူငယ်များအဖွဲ့အစည်း" Mongbra Youth Association (MBYA) ကို အတည်ပြု ဖွဲ့စည်းနိုင်ရန်အတွက် မင်းပြားမြို့မှ လူငယ်များ အားလုံးပါဝင် ဆွေးနွေးနိုင်မည့် အစည်းအဝေး တစ်ရပ်ကို (၃၀-၄-၂၀၁၆) လာမည့် စနေနေ့ နေ့လည် (၁၂)နာရီအချိန်တွင် မင်းပြားမြို့နယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးသို့ မင်းပြားမြို့မှ လူငယ်များ မည်သူမဆို တက်ရောက်နိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

မင်းပြား - သတင်း
26 . 04 . 2016

မင်းပြားမြို့၌ ဆရာတော် ဦးဥတ္တမရုပ်ထုတင်ပွဲ၊ ဦးဥတ္တမပန်းခြံ ဆိုင်းဘိုးတင်ပွဲနှင့် ပန်းခြံဖွင့်ပွဲ ပြုလုပ်မည်

Written By Mong Bra's News on Monday, April 25, 2016 | 7:24 PM

မင်းပြား (April 25, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၌ ဦးဥတ္တမရုပ်ထုတင်ပွဲ  ဦးဥတ္တမပန်းခြံ ဆိုင်းဘိုးတင်ပွဲနှင့် ပန်းခြံဖွင့်ပွဲ အခမ်းအနားကို (၂၉-၄-၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အခမ်းအနားအတွက် ဦးဥတ္တမကြေးသွန်းရုပ်ထုအား မြို့နယ်ဓမ္မာရုံမှ ပင့်ဆောင်ကာ မြို့ပတ်၍ အပူဇော်ခံပြီး ဦးဥတ္တမပန်းခြံအတွင်း၌ ပြုလုပ်ထားသည့် ကျောက်တိုင်ပေါ်၌ တင်ဆောင်အပူဇော်ခံသွားမည်ဟု ဦးဥတ္တမကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ သီရိရတနာ ချောင်းရှည်ကျောင်းဆရာတော် ဘဒ္ဒန္တ သဇ္ဇန (မြို့နယ်သံဃနာယအဖွဲ့ ဥက္ကဋ္ဌ) က မိန့်ကြားသည်။

၎င်းနောက် ပန်းခြံ ဆိုင်းဘိုးတင်ပွဲနှင့် ပန်းခြံဖွင့်ပွဲအခမ်းအနားကို ဦးဥတ္တမပန်းခြံအတွင်း၌ ဆက်လက်ပြုလုပ်သွားမည်ဟု ဆရာတော် က ဆက်​လက်​မိန့်​ကြားပါသည်။

အဆိုပါ ပွဲတော်အခမ်းအနား အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် "ခိုင်" အဆင့်မြင့် ဇာတ်သဘင်ဖြင့် မင်းပြားမြို့၊ သံထောင်ကွင်း၌ (၂၉-၄-၂၀၁၆) မှ (၁-၅-၂၀၁၆) အထိ (၃)ညတိုင်တိုင် ဖြေဖျော်တင်ဆက် သွားမည်ဟုလည်း သိရသည်။

ယခု အပူဇော်ခံထားရှိမည့် အမြင့်(၇)ပေ၊ ကြေးပိဿာချိန် (၂၃၀) ရှိသည့် ဦးဥတ္တမ ကြေးသွန်းရုပ်ထုကို မင်းပြားမြို့ရှိ သံဃာတော်များမှ ဦးဆောင်ကာ အလှူရှင်များထည့်ဝင်မှုနှင့် မြောက်ဦးမြို့မှ ရခိုင့်လက်မှုကြေးသွန်းဆရာ ဦးကျော်သာညွန့် က (၂၀-၄-၂၀၁၅) ရက်နေ့က စတင်သွန်းလုပ်ခဲ့ပြီး မင်းပြားမြို့နယ် ဓမ္မာရုံအတွင်း အပူဇော်ခံထားရှိခဲ့သည်။

ယခု အဆိုပါရုပ်ထုထားရှိမည့် မြို့မတောင်ကျောင်းအနီးမှ ပန်းခြံသည် ၁၉၈၈ မတိုင်မီက မြို့မဘောလုံးကွင်းတစ်ခုဖြစ်​ခဲ့ပြီး ယင်းနောက်ပိုင်းတွင် "ဂန္ဓဝေ" ပန်းခြံအဖြစ် ပြောင်းလဲခဲ့သည်။

သို့ရာတွင် ယခု မင်းပြားမြို့ရှိ မြို့နယ်သံဃာတော် အရှင်သူမြတ်များ ဦးဆောင်ကြိုးစားမှုကြောင့် (၂၇-၁၁-၂၀၁၅) ရက်နေ့ ပြုလုပ်သည့် ရခိုင်ပြည်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၅) ဆုံးဖြတ်ချက်အပိုဒ်(၄) အရ "ဦးဥတ္တပန်းခြံ" ဟု အမည်ပြောင်းလဲခွင့် ရရှိခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

မင်းပြား - သတင်း
26 - 4 - 2016

ကျိန်းတောင်ဘုရားရင်ပြင်ရှိ အမှိုက်များကို Mongbra Youth Association (ယာယီ) မှ နိုင်သလောက် သန့်ရှင်းရေးပြုလုပ်

Written By Mong Bra's News on Sunday, April 24, 2016 | 10:44 PM

မင်းပြား (April 25, 2016)

မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်အပြီး ကျန်ရစ်သော အမှိုက်များကို Mongbra Youth Association (ယာယီ)မှ လူငယ် (၆)ဦးက ယနေ့ (၂၅-၄-၂၀၁၆)နံနက်ပိုင်းက သန့်ရှင်းရေးလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ် (၆)ဦး အင်အားဖြင့် ကျိန်းတောင်ဘုရားရင်ပြင်နှင့် အနီးတဝိုက်ရှိ ပလပ်စတိတ်အိတ်နှင့် အခြားအမှိုက်များကိုသာ ရှင်းလင်းနိုင်ခဲ့ပြီး ကျန်သော နေရာများဖြစ်သည့် ဇောင်းတန်းအနီးတဝိုက်၊ ကုသိန္နာရုံ၊ ကျင်ကွင်းနှင့် ဇာတ်ကွင်းရှိ အမှိုက်များကို ရှင်းလင်းမှု မပြုလုပ်နိုင်ခဲ့ကြောင်း အမှိုက်ကောက် လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ကိုငြိမ်းချမ်းကျော် က ပြောသည်။

Mongbra Youth Association (MBYA) (ယာယီ)ကို မင်းပြားမြို့မှ လူငယ်များဖြင့် ဖွဲ့စည်းထားပြီး မင်းပြားမြို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တတ်နိုင်သလောက် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

မင်းပြား - သတင်း
25 . 04 . 2016

Photo: Nyein Chan Kyaw

မင်းပြား ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပွဲ မောင်းရသူများစာရင်း

မင်းပြား (April 24, 2016)

၂၀၁၆ ခုနှစ် ရခိုင်ပြည်၊ မင်းပြားမြို့ရှိ သမိုင်းဝင် ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ (၂၄-၄-၂၀၁၆) နောက်ဆုံးရက်အဖြစ် ကျင်းပလျှက်ရှိရာ ရခိုင်ရိုးရာ ကျင်ပွဲမှာလည်း ယနေ့ နောက်ဆုံး မောင်းလုပွဲအဖြစ် အထူးစည်ကားကာ ကြည့်ရှုအားပေးသူများ အလွန်များပြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲတော်၌ ရခိုင်ရိုးရာ ကျင်ပွဲကို မောင်းကြီးတန်း၊ မောင်းလတ်တန်း၊ မောင်းငယ်တန်း နှင့် မျိုးဆက်သစ်တန်းဟူ၍ အဆင့်အလိုက်​ ခွဲခြား ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ရွှေမောင်း မောင်းကြီးတန်းပြိုင်ပွဲ ပထမဆုကို မင်းပြားမြို့မှ ဥသြ ကလည်းကောင်း၊ ဒုတိယဆုကို မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှ ကျော်ဝင်း ကလည်းကောင်း၊ တတိယဆုကို မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှ အောင်အောင် ကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ရွှေမောင်း မောင်းလတ်တန်းပြိုင်ပွဲ ပထမဆုကို ကျောက်တော်မြို့မှ ဇော်မင်းစိုး ကလည်းကောင်း၊ ဒုတိယဆုကို ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာမှ နေပိုင်စိုး ကလည်းကောင်း၊ တတိယဆုကို မြောက်ဦးမြို့နယ်မှ မိုးလှိုင် ကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ရွှေမောင်း မောင်းငယ်တန်းပြိုင်ပွဲ ပထမဆုကို မင်းပြားမြို့နယ် ဇီးကိုင်းကျေးရွာမှ မျိုးမင်းစိုး ကလည်းကောင်း၊ ဒုတိယဆုကို မင်းပြားမြို့နယ် ချောင်းရှည်ကျေးရွာမှ ကျော်မင်းထွန်း ကလည်းကောင်း၊ တတိယဆုကို ကျောက်ဖြူမြို့နယ်မှ ကျော်မောင်ဝင်း ကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးရာကျင် မျိုးဆက်သစ်တန်းပြိုင်ပွဲတွင်  ပထမဆုကို မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှ အောင်ကျော်နိုင် ကလည်းကောင်း၊ ဒုတိယဆုကို မင်းပြားမြို့နယ် ငဝေကျးရွာမှ ခိုင်စော ကလည်းကောင်း၊ တတိယဆုကို မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက်မှ စိုးမင်းသိန်း ကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်၌ ရခိုင်ရိုးရာကျင်ပွဲ ဖြစ်မြောက်အောင် နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်(ငြိမ်း)၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးစံရွှေအောင် (ဇနီး) ဒေါ်အေးအေးသန်း မိသားစုမှ လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။

မင်းပြား - သတင်း
24 . 04 . 2016

Mongbra Youth Association (ယာယီ) မှ ကျိန်းတောင်ပွဲ အမှိုက်များကို သိမ်းပေးမည်

Written By Mong Bra's News on Saturday, April 23, 2016 | 10:56 PM

မင်းပြား (April 24, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့မှ လူငယ်များဖွဲ့စည်းလိုက်သည့် Mongbra Youth Association (ယာယီ) "မင်းပြား လူငယ်များ အဖွဲ့အစည်း" မှ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်အပြီး ကျန်ရစ်သော အမှိုက်များကို သိမ်းပေးမည်ဖြစ်ကြောင်း သိရသည်။

ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယ ပွဲတော်သည် (၂၄-၄-၂၀၁၆) ရက် ယနေ့ နောက်ဆုံးရက်ဖြစ်ပြီး အဆိုပါ Mongbra Youth Association (ယာယီ) မှ ကျိန်းတောင်ပွဲတော် အမှိုက်များကို (၂၅-၄-၂၀၁၆) တနင်္လာနေ့ နံနက် (၇)နာရီအချိန်တွင် စတင် အမှိုက်ကောက်သွားမည်​ ဖြစ်ကြောင်း သိရသည်။

" မင်းပြားမြို့က လူငယ်တွေ စည်းလုံးမှုအားနဲ့ မြို့အထင်ကရဖြစ်တဲ့ ဇိဝှါဓာတ်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အပြီး ကျန်ရစ်တဲ့ အမှိုက်သရိုက်တွေကို ကောက်ပြီး စနစ်တကျ စွန့်ပစ်ဖို့ စီစဉ်ထားပါတယ်။ ၂၅ ရက်နေ့ မနက်ဖြန် မနက် (၇)နာရီတိတိမှာ မြို့နယ်ဓမ္မာရုံက စထွက်ပြီး ကျိန်းတောင်ပေါ်သို့ တက်မယ်။ အဲဒီမှာ ကျန်ရစ်ခဲ့တဲ့ အမှိုက်တွေကိုကောက်မယ်။ ဒါကြောင့် မင်းပြားမြို့က လူငယ်တွေကို ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်။" ဟု ဦးဆောင်ပါဝင်မည့်သူ တစ်ဦးဖြစ်သည့် ကိုငြိမ်းချမ်းကျော်ကပြောသည်။

Mongbra Youth Association (ယာယီ) ကို (၁၉-၄-၂၀၁၆) ရက်နေ့တွင်​ မြို့နယ်​ဓမ္မာရုံ၌ မင်းပြားမြို့မှ လူငယ် ၃၀ ခန့် တွေ့ဆုံဆွေးနွေးအပြီးတွင် မင်းပြားမြို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တတ်နိုင်သလောက် လူငယ်များ ပူးပေါင်းပါဝင်နိုင်ရန် ရည်​ရွယ်​ချက်​ဖြင့်​ စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ပထမဆုံးလှုပ်ရှားမှုအဖြစ် ဒီရေလွှမ်းမိုးခံရပြီး ညွှန်နစ်​များဖုံးလွှမ်း ညစ်ပတ်နေသည့် မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ ဘုရားတကာလမ်းရှိ မဟာပညာကျော် စာကြည့်တိုက် (E-Library) ကို (၂၃-၄-၂၀၁၆) ရက်နေ့က လူငယ် ၁၅ ဦးအားဖြင့် စတင်သန့်ရှင်းနိုင်ခဲ့ကြောင်း အဆိုပါ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ကိုဇော်ထွန်း က ပြောသည်။

"မင်းပြား လူငယ်များအဖွဲ့အစည်း" Mongbra Youth Association (MBYA) (ယာယီ) ကို မကြာမီရက်ပိုင်းအတွင်း မင်းပြားမြို့ရှိ လူငယ်များအားလုံးပါဝင်သည့် ခိုင်မာသော လူငယ်အဖွဲ့အစည်းတစ်ခုအဖြစ် စနစ်တကျ ဖွဲ့စည်းသွားမည်ဟုလည်း သိရသည်။

မင်းပြား - သတင်း
24 . 04 . 2016

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger